"ဂျီး(အဘွား) ရေချိုးပြီးပြီလား။ "
မှုံနံ့သာ အိမ်ခန်းဝမှလှမ်းကြည့်ရင်း အသံကြည်ကြည်လေးဖြင့် မေးလိုက်သည်။ သူမ၏မျက်နှာလေးမှာ တစ်စုံတစ်ခုကို ကျေနပ်နေသကဲ့သို့ ပီတိအပြုံးလေးများ စွန်းထင်းနေ၏။
"အေး သမီး "
"အဲ့ဒါဆို ဒီမှာ ခဏထိုင်ဦး ဂျီး "
မှုံက သူမထိုင်နေကျ ကုတင်အစွန်းလေးကို လက်ဖဝါးနုနုလေးဖြင့် ပုတ်ပြလိုက်လျှင် ဒေါ်နန်းကြာမှုံက မြေးမလေး၏ ထူးဆန်းနေသော အမူအရာကြောင့် မျက်လုံးထောင့်စွန်းများ တွန့်ချိုးသွားသည်အထိ ပြုံးလိုက်ရင်း ပြန်မေး၏။
"ဘာလုပ်မလို့လဲ သမီးရဲ့ "
"လာပါ ဂျီးရဲ့ "
"ဟောတော် ... ကဲ လာပြီ လာပြီ ပြော ဘာလုပ်ချင်လို့လဲတော် "
"ဟီး ... သမီးက ဂျီးကို ကန်တော့မလို့ "
ဂျီးက ကုတင်ဘေးတွင် ဝင်ထိုင်လိုက်သည်နှင့် မှုံ ကြမ်းပြင်ပေါ်တွင် ဒူးတုပ်ထိုင်ချလိုက်ပြီး သွားတက်ကလေးပေါ်အောင် ရယ်ပြသည်။
"ကန်တော့မလို့ "
ဂျီးက သံယောင်လိုက်ကာ မေးလိုက်လျှင် မှုံက ဆံပင်တိုတိုလေးများ လှုပ်ခါသွားသည်အထိ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက်လွယ်အိတ်လေးထဲမှ ပလပ်စတစ်အိတ်အကြည်လေးဖြင့် ထုပ်ထားသော ၂၅၀ တန် ဆီကြော်မုန့်ထုပ်လေးကို အမြတ်တနိုး ထုတ်ယူလိုက်၏။ မုန့်ထုပ်လေးကို သူမအဘွားအရှေ့သို့ ရိုရိုသေသေ ချလိုက်လျှင် ဒေါ်နန်းကြာမှုံတစ်ယောက် မျက်လုံးအဝိုင်းသား ဖြစ်သွားရလေသည်။
"သမီး ... ဒီမုန့်က ..."
"ဂျီးကို ကန်တော့ချင်လို့ မှုံ့မုန့်ဖိုးတွေ စုပြီးဝယ်ထားတာ။ "
မှုံ့စကားသံအဆုံးတွင် ဒေါ်နန်းကြာမှုံ၏ ရင်ထဲ၌ ဆို့နင့်သွားရသည်။ ဆင်းရဲခြင်းဒဏ်ကို ကြံ့ကြံ့ခံနေရသော်လည်း လိမ္မာလွန်းသော မြေးမလေး၏ စေတနာက သူမနှလုံးသားကို ကိုင်လှုပ်လိုက်သကဲ့သို့။
"ဟယ် ...သမီးရယ်
ဘာလို့ အဲ့လို စုထားရတာလဲကွယ် ... ဂျီးကို ကန်တော့ချင်တာ ဒီအတိုင်းကန်တော့ပေါ့ကွယ်။
တစ်နေ့မှ မုန့်ဖိုး၅၀တောင် မှန်အောင် မပေးနိုင်တာကို ဝယ်မစားပဲနဲ့ သမီးရယ်။ "
ဒေါ်နန်းကြာမှုံက ပြောရင်းနှင့် အသံများတုန်ကာ ဝမ်းနည်းသံစွတ်လာကာ သူမ၏ အရေးအကြောင်းများထပ်နေသော လက်အစုံဖြင့် မြေးမလေးကို ဆွဲဖက်ကာ ရှိုက်ငိုလေသည်။
"ဂျီးကလည်း ဘာလို့ငိုတာလဲ။
သမီးကန်တော့တာ ဆုပေးဦးလေ။ "
"အေးပါကွယ် ... အေးပါ ...
ငါ့မြေးလေး အခုလို သိတတ်တဲ့အကျိုးအားကြောင့် လိုအင်ဆန္ဒ
တလုံးတဝ ပြည့်ပြီး စာမေးပွဲကြီးလည်း တစ်နှစ်တစ်တန်း
ထူးထူးချွန်ချွန်အောင်ပါစေကွယ်။
တစ်သက်လုံး မတောင့်မတ မကြောင့်မကျဘဝမျိုးလည်း ပိုင်ဆိုင်နိုင်ပါစေကွယ်။ "
ဒေါ်နန်းကြာမှုံသည် မျက်ဝန်းအိမ်တွင် ဝေ့သီနေသော မျက်ရည်စလေးများကို လက်ခုံဖြင့် ဖွဖွပွတ်သုတ်ရင်း ဆုပေးလိုက်သည်။ မှုံနံ့သာလေးကတော့ လက်အုပ်ကလေးချီရင်း သွားလေးတွေပေါ်သည်အထိ ပြုံးရယ်ကာ...
"ပေးတဲ့ဆုနဲ့ ပြည့်ပါရစေ။ "
"နောက်ခါဆိုရင် ဒီလိုတွေပိုက်ဆံစုပြီး မကန်တော့နဲ့နော်။
ဂျီးက အများကြီးလည်းပေးနိုင်တာမဟုတ်ဘူး။
ရတဲ့မုန့်ဖိုးလေး ကိုယ့်ဟာကိုယ်ဝယ်စားပါကွယ်။ "
"သမီးကတော့ အခုလိုကန်တော့ရတာပျော်တယ် "
"ဟုတ်ပါပြီကွယ် ... သမီးကုသိုလ်ရသွားေအာင် ဂျီးက ဒီမုန့်လေးကို ဆွမ်းတော်အရင်ကပ်လိုက်မယ်နော်။ "
"ဟုတ် "
"အေးအေး ... အဲ့ဒါဆို ဂျီး ဟင်းရွက်တွေသွားယူဦးမယ်"
"ဟုတ် ... ဂျီး "
_______________
နွေဦးပေါက် ရာသီဥတုက စတင်ပူပြင်းလာပြီဖြစ်ကာ စာမေးပွဲနောက်ဆုံးရက် ပြီးဆုံးသွားသဖြင့် ကျောင်းဝင်းတစ်ခုလုံးသည် ကျောင်းသားကျောင်းသူများ၏ အော်ဟစ်ဆူညံသံများ၊ ပျော်ရွှင်စွာ နှုတ်ဆက်သံများဖြင့် စည်ကားနေ၏။
"မှုံနံ့သာ နင်ကရော ကျောင်းပိတ်ရင် ဘယ်သွားမှာလဲဟင် "
မျိုးသန္တာခင်က စာအုပ်များကို လွယ်အိတ်ထဲသိမ်းရင်း မေးလာလျှင် မှုံ ဘာပြန်ဖြေရမှန်းမသိသဖြင့် မျက်လုံးလေးဝိုင်း၍သာ ကြည့်နေမိ၏။
"ဘယ်ကိုသွားမှာလဲလို့ ဘယ်မှမသွားဘူးလား။ "
"အင်း ... မသွားပါဘူး။ "
"အမျိုးတွေဘာတွေဆီ အလည်မသွားဘူးပေါ့။ "
"အင်း "
မှုံ့ရင်ထဲတွင် ဟာခနဲဖြစ်သွားရသည်။ 'အမျိုး' တဲ့...မှုံတို့မှာ ဆွေမျိုးသားချင်းရယ်လို့မှ မရှိပဲ။ ဆွေမျိုးနည်းတဲ့အဘွားမှာ အမျိုးတွေရှိပေမယ့် အဆက်အသွယ်ပြတ်နေတာကြာပြီဖြစ်၏။
အမေကတော့ တစ်ဦးတည်းသော သမီးဖြစ်တဲ့အလျောက် သားချင်းရယ်လို့မရှိ။ အဖေ့ဘက်က အမျိုးတွေကတော့ သူတို့ကလည်း မှုံနံ့သာတို့ကို မခေါ်သလို၊ မှုံနံ့သာတို့ကလည်း မျက်နှာချင်းတောင် မဆိုင်ပေ။
"ဂျာမိုင်နဲ့ လုထွယ်က နွေရာသီပိတ်ရင် သူတို့ဦးလေးနဲ့အဒေါ်တိုါဆီသွားနေမှာတဲ့။ "
"..."
"ငါတော့ ကျောင်းပိတ်ရင် ပျင်းနေတော့မှာပဲ။ "
မျိုးသန္တာခင်က ညဉ်းတွဲတွဲလေးပြောတော့ မှုံပြုံးသာ ပြုံးပြလိုက်ပြီး
အိမ်လာလည်ပါလို့တော့ မခေါ်တော့ပါ။
ဘာလို့ဆို ရွာထဲကလူတဝက်လောက်က အပြင်ပန်းမှာသာ မှုံတို့ကို သနားသလိုဖြစ်နေကြပေမယ့် တကယ်က အထင်သေးပြီး
အဆက်အဆံတောင် သိပ်မလုပ်ချင်ကြပါ။
ဦးတည်ရာကတော့ သူများမယားငယ်ဖြစ်နေတဲ့ အမေပေါ့။
တဖြည်းဖြည်းနှင့် ကျောင်းသားများ လူစုခွဲသွားကြသလို၊ မှုံတို့၏ အတန်းတင်စာမေးပွဲကြီးလည်း ပြီးဆုံးသွားခဲ့ကာ မှုံ့အတွက် ၃ တန်းဆိုတဲ့ စာသင်နှစ်တစ်နှစ် ပြီးဆုံးသွားတော့သည်။ ပူပြင်းခြောက်သွေ့သော နွေရာသီသည် မှုံ့အတွက်တော့ အထီးကျန်ခြင်းများနှင့်အတူ ရောက်ရှိလာပြန်ပါပြီ။
______________
ဆွတ်ရိန်နော်တစ်ယောက် ကျောင်းပိတ်တော့ ခြင်းခတ်လိုက်၊ ဘောလုံးကန်လိုက်၊ လျှောက်လည်လိုက်နှင့် လေလွင့်နေလေသည်။
ဒီနေ့တော့ နေခင်းဘက် ပျင်းပျင်းရှိသည်နှင့် ဦးလေးဖြစ်သူ၏ အိမ်ဘက်ကို အလည်ရောက်လာခဲ့ရာ အိမ်ရှေ့ဝရံတာတွင် ထိုင်ရင်း ခြေပစ်လက်ပစ် အနားယူနေမိသည်။ ထိုစဉ် မထင်မှတ်ထားတဲ့သူကို တွေ့လိုက်ရတာကြောင့် သူ့မျက်ခုံးများ ပင့်တက်သွားမိ၏။
အိမ်ပေါ်ဝရံတာကနေ လှမ်းမြင်နေရတဲ့ တစ်ဖက်ခြံထဲမှ ဟိုကလေးမလေး။ ကျောင်းမှာ၊ လမ်းမှာ မြင်ဖူးပေမယ့် အိမ်ကိုတော့ မသိခဲ့။ အခုတော့ တိုက်တိုက်ဆိုင်ဆိုင် လာတွေ့နေ၏။ ခြံစည်းရိုးခြားထားသော်လည်း သူမတို့အိမ်ကို ကောင်းစွာလှမ်းမြင်နေရသည်။ အိမ်ထဲကို ဝေ့ဝဲကြည့်လိုက်တော့ ဘယ်သူမျှရှိပုံမရ။ တစ်ယောက်တည်း ဟိုလျှောက်ဒီလျှောက်နှင့် ဘာတွေလုပ်နေသည်မသိ။ မျက်နှာမှာတော့ သနပ်ခါးပါးကွက်ကြားလေးက အမြဲရှိနေ၏။
"ဟေ့ "
ပထမတစ်ကြိမ် လှမ်းအော်လိုက်သော်လည်း အကွာအဝေးကြောင့်လား၊ ဒါမှမဟုတ် သူ့ကိုခေါ်မှန်းမသိလို့လားမသိ၊ မော့တောင်မကြည့်ပေ။
ဆွတ်ရိန်နော် ပြုံးထေ့ထေ့နှင့် နှုတ်ခမ်းကိုကိုက်ရင်း စိတ်ဝင်စားသွားပြီး နောက်ထပ်တစ်ကြိမ် အသံကိုမြှင့်၍ ထပ်ခေါ်လိုက်၏။
"ဟေ့ ... ကလေးမ "
ဒီတစ်ကြိမ်တော့ အသံက သူမဆီရောက်သွားပုံရသည်။ မျက်လုံးဝိုင်းလေးက ဟိုကြည့်ဒီကြည့်နှင့် အသံလာရာကို ရှာနေပြီး နောက်ဆုံး သူ့ထံသို့ အကြည့်တွေရောက်လာလျှင် အကြည့်ဆုံသည်နှင့် သူက လက်ပြကာ လှမ်းပြုံးပြလိုက်၏။
ဒါပေမယ့် သူ့အပြုံးတောင် မဆုံးသေး၊ ထိုကောင်မလေးက သားရဲတိရစ္ဆာန်ကို တွေ့လိုက်ရသည့် သားကောင်ငယ်လေးပမာ မျက်လုံးတွေပြူးကျယ်သွားပြီး အိမ်ထဲသို့ တန်းခနဲ ပြေးဝင်သွားရာ ဆွတ်ရိန်နော်မှာ ကြောင်တောင်တောင်လေးဖြစ်ပြီး ကျန်ခဲ့ရတော့သည်။
"ဟာ ..."
သူ့လက်က လေထဲတွင် တန်းလန်းကြီးကျန်နေခဲ့ကာ ပြန်များထွက်လာဦးမလားဟု ရပ်ပြီးစောင့်နေသေးပေမယ့် ပြူတစ်တောင် ထိုးမလာတော့ပါ။
"ကြောက်တတ်လိုက်တာလွန်ပါရော..."
သူ တစ်ယောက်တည်း ရေရွတ်ရင်း ဘောင်းဘီအိတ်ကပ်ထဲမှ ဆေးလိပ်နှင့် မီးခြစ်ထုတ်ကာ မီးညှိလိုက်ကာ ရှိုက်ဖွာရင်း မှုတ်ထုတ်လိုက်သော မီးခိုးငွေ့များကြားတွင် နှုတ်ခမ်းထောင့်စွန်းတစ်နေရာ သူမသိလိုက်ခင်လေးမှာပဲ ကွေးညွတ်သွားတော့သည်။ ထိုကလေးမလေး၏ ကြောက်လန့်တကြား ပုံစံလေးက သူ့စိတ်ထဲတွင် ရယ်ချင်စရာကောင်းနေပုံရသည်။
_______________
ပုံမှန်ဆို ဦးလေးအိမ် သိပ်မရောက်ဖြစ်တဲ့သူက အခုတလောတော့ ဒီအိမ်ကိုပဲ ခြေဦးလှည့်မိနေတာလည်း ကိုယ့်အကြောင်းနဲ့ကိုယ် ရှိနေသည်။ အကြောင်းရင်းကို သေချာရေရေရာရာ မပြောတတ်သော်လည်း တစ်ဖက်အိမ်မှ အရိပ်အယောင်လေးကို မျှော်နေမိသည်ကတော့ အမှန်ပင်။
ဒီနေ့တော့ ဦးလေးအိမ်ရှေ့မှာ ထိုင်နေတုန်း ထိုကလေးမက ပိုက်ဆံလေးလက်မှာဆုပ်လျက် အိမ်ထဲမှ ထွက်လာတာနှင့် တည့်တည့်တိုးလေ၏။ ကလေးမက သူ့ကိုမြင်တော့ မျက်နှာပျက်သွားပြီး ခေါင်းလေးငုံ့ကာ ခပ်သုတ်သုတ်လျှောက်နေတာကြောင့် ဆွတ်ရိန်နော့်စိတ်ထဲတွင် အစအနောက်သန်သည့်စိတ်က ရုန်းကန်ထလာကာ
သူမအနောက်မှ တိတ်တဆိတ် လိုက်သွားရင်း ပခုံးအား ရုတ်တရက် လှမ်းပုတ်လိုက်လျှင် ပခုံးလေးတွန့်၍ တုန်တက်သွားကာ အော်လိုက်တာက လူလေးနှင့်မှ မလိုက် စူးစူးဝါးဝါးပင်။
"အား ... အမေရေ ..."
သူမ၏ လန့်သွားပုံက အသည်းအသန်ဖြစ်လွန်းသဖြင့် ဆွတ်ရိန်နော်ပင် အနည်းငယ် လန့်သွားရသည်။
"ဟာ ... ဟေ့ ဟေ့ ငါပါကွ။
အော်လိုက်တာကွာ။ "
သူ့ကိုယ်သူလက်ညှိုးထိုးပြကာ သူမအရှေ့သို့ ပိတ်ရပ်လိုက်တော့ သူမက တစ်ချက်သာ မော့ကြည့်ပြီး ခေါင်းပြန်ငုံ့သွားကာ သူ့အားရှောင်၍ ဘေးမှကွေ့ပတ်ကာ ဆက်သွားဖို့လုပ်လေသည်။ သူမ မျက်နှာတွင် ကြောက်ရွံ့မှုနှင့် အားနာမှုတို့ ရောထွေးနေလျှင် သူလည်း ခပ်တည်တည်နှင့် သူမဘေးမှ ကပ်ကာ လိုက်သွားလိုက်၏။
"ဈေးဝယ်သွားမလို့မလား။ "
"..."
ပါးစပ်မှ မဖြေဘဲ ခေါင်းသာညိတ်ပြလေ၏။ သူ့ခါးလောက်သာရှိတဲ့ ပုပုသေးသေး ထိုကလေးမလေးက တော်တော်ကို သေးကွေးလှသည်။ဘေးချင်းယှဉ်လျှောက်လိုက်တော့မှ သူမ ကိုယ်လုံးလေးက ဘယ်လောက်သေးငယ်ကြောင်း ပိုသိသာလာ၏။ သူမနှင့်ရွယ်တူလေးတွေနှင့်တောင် အသေးဆုံးဖြစ်နေကာ အသံလေးကလည်း သေးသေးလေးဖြစ်ရာ ဘယ်လိုကြည့်ကြည့် အူယားစရာလေးပင်။
"ငါ့ကိုသိလား။ "
"..."
ပြန်မဖြေပါ။
"ဟိတ် မေးနေတယ်လေ။
ငါ့ကိုမမှတ်မိဘူးလား။ "
သူအသံမြှင့်လိုက်တာနှင့် ထိုသေးသေးလေးက တွန့်သွားကာ သူ့ကို မရဲတရဲနှင့် မျက်လုံးလေးစွေကြည့်လာပြီး ခေါင်းကို တစ်ချက်သာညိတ်ပြလေသည်။
ဘာလဲ... ခေါင်းညိတ်တာက သူ့ကို သိတယ်ပြောချင်တာလား။ မမှတ်မိဘူးလို့ ပြောချင်တာလား။ သေချာမဖြေဘူး ဘယ်လိုဟာလေးမှန်းမသိ။ ပုတ်သင်ညိုမလေးလို ခေါင်းတညိတ်ညိတ်နှင့်။
"ငါ့နာမည်သိလား။ "
ထိုအခါကျ ခေါင်းလေးယမ်းသွားလေသည်။
ထင်သားပဲ ... အမြဲတမ်း ကုပ်ကုပ် ကုပ်ကုပ်နှင့်
ဘယ်သူ့ကိုမျှလည်း စိတ်မှ မဝင်စားပဲ။
"သေချာမှတ်ထား ... ငါ့နာမည် ဆွတ်ရိန်နော် သေချာမှတ်ထားနော်။ "
"..."
ခေါင်းညိတ် ခေါင်းခါသာလုပ်နေတဲ့ ပုတ်သင်ညိုမလေးကို ဘာမျှမပြောတော့ဘဲ အူယားစိတ်က ထိန်းမရတော့။ သူမ၏ ခေါင်းပေါ်မှ ဆံပင်ပါးပါးလေးကို လက်ဖဝါးဖြင့် အုပ်ကိုင်ကာ ပွတ်ရင်း ဆံပင်များကို ဖွလိုက်တော့မှ မကျေနပ်သလို နှုတ်ခမ်းလေးစူကာ သူ့ကို မကြည်သလိုလေးကြည့်လာ၏။
မျက်ဝန်းဝိုင်းဝိုင်းလေးများက ရုတ်တရက် စူးရှသွားသည်။
'ဘာလဲ... ဒါက စိတ်ဆိုးတာလား။ စိတ်ဆိုးတတ်သေးတာပဲ။'
သူမ၏ ရန်တွေ့ချင်သယောင် မျက်နှာထားလေးကို မြင်တော့ ဆွတ်ရိန်နော် သဘောကျသွားရသည်။
"အဟက် "
အသံထွက်သည်အထိ ရယ်လိုက်တော့ သူမက ရှက်သွားသည်လား၊ စိတ်ဆိုးသွားသည်လားမသိ၊ ခြေလှမ်းတွေမြန်သွားကာ ခပ်သုတ်သုတ်လျှောက်ရင်း ပြေးထွက်သွားတော့သည်။ ဖုန်မှုန့်လေးတွေထသွားသည့် လမ်းကလေးအတိုင်း ပြေးသွားသော ကျောပြင်သေးသေးလေးကို ကြည့်ရင်း သူကျန်ရစ်ခဲ့၏။
ထပ်လည်း မစချင်တော့တာမို့ ထိုနေရာတင် လှည့်ကာ ပြန်လာလိုက်ပြီး သူ့မျက်နှာပေါ်တွင်တော့ အလိုလိုနေရင်း ပေါ်ပေါက်လာသော အပြုံးတစ်ခုက ခိုတွယ်လျက်။
တော်တော်စလို့ ကောင်းတဲ့ ကောင်မလေး။
အပိုင်း (၉) ဆက်ရန် ...
Author -Anna Lynn
အခန်းမှတ်ချက်များ (0)