Bububai ဝတ္ထု အချစ်ဦး ပုံပြင် အခန်းစာရင်း

အပိုင်း (၄၆)

ယမုံ့ ပန်းဆိုင်ရှေ့ ရောက်တော့ သူ လမ်းကြုံလို့ ဝင်လိုက်ပေမယ့် ယမုံ အပြင်သွားတယ် ဆိုတာကြောင့် ကြာကြာမနေဘဲ ပြန်ထွက်လာခဲ့လိုက်သည်။

အိမ်က လူကြီးတွေကလည်း သူ့ကို စိမ်းနဲ့ လက်ထပ်ဖို့ အတင်းအကျပ် တိုက်တွန်းနေသည်မို့ မေမေနဲ့ အချေအတင် စကားပြောကာ သူ အိမ်ကနေ မဆိုးမဆဲ ထွက်လာခဲ့ခြင်း ဖြစ်သည်။

ယမုံ့ကို ဒီတစ်ခါတော့ လေးလေးနက်နက် ချစ်ရေးထပ်ဆိုပါမည်။ သူ ယမုံ့အနားမှာ နေချင်တာမို့၊ ယမုံ့ကို သူ့ရဲ့ ဘဝလက်တွဲဖော်အဖြစ် အတူရှိချင်မိတာမို့ စိမ်းကို သူ ဘယ်လိုမှ လက်မထပ်နိုင်ပါ။ ယမုံ့ကို မတွေ့ခင်က ဆိုရင်တော့ စိမ်းကို သူ လက်ထပ်ဖြစ်ပါလိမ့်မည်။ ဒါပေမယ့် အခုတော့ သူ့စိတ်ထဲမှာ ယမုံ တစ်ယောက်တည်းသာ လွှမ်းမိုးကြီးစိုးနေခဲ့တာမို့ အစီအစဉ်တွေကို ပြောင်းလဲဖို့ တော်ရုံခက်လှသည်မဟုတ်ပါလား။

မြို့ပြင်ကို ရောက်တော့မည့် ကားလေးက ဘယ်သို့ သွားမည်ဟု အတည်တကျ မရှိဘဲ၊ စိတ်အာရုံ ဖြေဖျောက်ရာကိုသာ ဦးတည်ပြီး မောင်းနေမိသည်။

ဟင်!

ရှေ့ လမ်းကွေ့နားမှာ ရပ်ထားသည့် ကားအဖြူရောင်လေး...။ တရေးနိုး ထကြည့်ရင်တောင် မှတ်မိသည့် ယမုံ့ကားလေးမို့ သူ ထိုနေရာသို့ ကားကို ဂီယာနောက်ဆုတ်ကာ ပြန်ကွေ့လိုက်မိသည်။

ကားအဖြူလေးနား ရပ်လိုက်ပြီး ကားထဲကို ကြည့်လိုက်တော့ လူရှိမနေချေ။ စိတ်ထဲ ထူးဆန်းသလို ရှိသည်မို့ လွင်ပြင် ကားပေါ်က ဆင်းလိုက်ပြီး ယမုံ့ကားထဲကို သေချာငုံ့ကြည့်လိုက်တော့ ဖိနပ်အဖြူလေး တစ်ဖက် ကျန်ရစ်နေသည်ကို တွေ့လိုက်ရသဖြင့် သူ မျက်မှောင် ကြုတ်သွားမိသည်။

ဘောင်းဘီအိတ်ထဲက ဖုန်းကို ထုတ်ယူလိုက်ပြီး ယမုံ့ဆီ ခေါ်ကြည့်လိုက်တော့ ဆက်သွယ်မှုဧရိယာပြင်ပ ဖြစ်နေလေသည်။ ထိုအခါမှ ယမုံ တစ်ခုခု ဖြစ်နေပြီမှန်း သူ အတပ်သိလိုက်ရပြီး... ဆံပင်တွေထဲ လက်ချောင်းများ ထိုးဖွမိကာ အနီးအနားကို ပူပန်တကြီး ဝေ့ဝဲကြည့်မိသည်။ ပြန်ပေးဆွဲခံရတာလား၊ ဒါမှမဟုတ် ယမုံ့ကို တစ်ယောက်ယောက်ကများ...။

"မဟုတ်သေးပါဘူး ယမုံရာ... ခင်ဗျား ဘာဖြစ်နေတာလဲ"

သူ ကားပေါ် ပြေးတက်ရင်း အနီးအနားကို တစ်ချက် ဖြတ်ခနဲ ကြည့်လိုက်မိသည်။ လူခြေတိတ်သည့် အပြင် ခြံဝန်းကျယ်ကြီးတွေက အပင်တွေ အုပ်ဆိုင်းလျက်မို့ ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်ခြောက်ခြားစရာ ကောင်းနေသည်။

လွင်ပြင် ရင်ထဲ ဗလောင်ဆူလာကာ ကားစက်ကို ချက်ချင်းနှိုးပြီး လမ်းဘေးဝဲယာက ခြံဝန်းကျယ်ကြီးတွေဆီ မျက်စိအစွမ်းကုန်ကစားကာ ကားကို ခပ်နှေးနှေးမောင်းပြီး လိုက်ရှာမိသည်။ ကားမှန်ပြတင်းပေါက်ကို ချပစ်လိုက်ပြီး လမ်းဘေးက ခြံပျက်ကြီးတွေ၊ သစ်ပင်အုပ်ဆိုင်းဆိုင်းတွေကြားထဲ ယမုံ့အရိပ်အယောင် ရှိမလားဆိုပြီး အသည်းအသန် လိုက်ကြည့်နေမိခြင်းဖြစ်သည်။

သို့သော်... ခြံဝန်းကြီးတွေက တစ်ခုပြီးတစ်ခု ကျော်ဖြတ်သွားပေမယ့် လူသူအရိပ်အယောင် ဝေဝါးလို့ပင် မတွေ့ရချေ။ လမ်းမပေါ်မှာလည်း သူတို့ကားနှစ်စီးကလွဲလို့ တခြားဘယ်သူမှ ရှိမနေတာမို့ လွင်ပြင် ပိုပြီး စိုးထိတ်လာရသည်။

သူ ကားကို အရှိန်လျှော့လိုက်၊ လမ်းဘေးဝဲယာကို မျက်စိအာရုံ စိုက်လိုက်ဖြင့် ခြံကျယ်ကြီးတွေရဲ့ အဝင်ဝတွေကို သေချာကြည့်ရင်း ရှေ့သို့ ဆက်မောင်းလာခဲ့သော်လည်း ယမုံ့ကို မတွေ့ရပါ။

အချိန်တွေ ကုန်လွန်သွားတာနဲ့အမျှ လွင်ပြင် နှလုံးသားတစ်ခုလုံး ပြုတ်ကျလုမတတ် တုန်လှုပ်လာကာ လက်ကိုင်စတီယာရင်ကို တင်းတင်းဆုပ်ထားမိတော့သည်။

'ယမုံ... ခင်ဗျား ဘယ်မှာလဲ... ဘာမှမဖြစ်ရဘူးနော်...'

🌻🌻🌻🌻

Ring... Ring...

စားပွဲပေါ်တင်ထားသည့် ဖုန်းသံ မြည်လာသဖြင့် ရေချိုးပြီးခါစ ဖြစ်သော ခမ်းနားတစ်ယောက် တာဝါတစ်ထည်ကို ဆွဲယူကာ ရေသုတ်ရင်း ဖုန်းရှိရာသို့ လျှောက်သွားလိုက်သည်။

ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်တော့ 'ယမုံ' ဆီကမို့ ခမ်းနား နှုတ်ခမ်းဖျားတို့ ပြုံးယောင်သန်းသွားရသည်။ ဖုန်းကို ကိုင်လိုက်ရင်း မှန်ထဲတွင် မုတ်ဆိတ်မွှေးများ ရိတ်ထားသဖြင့် ရှင်းသန့်စင်ကြယ်နေသည့် မိမိမျက်နှာကို ပြန်ကြည့်လိုက်ကာ...

"ဟလို ယမုံ... အိမ်ပြန်ရောက်ပြီလား"

"..........."

စက္ကန့်ပိုင်းမျှ ကြာသွားသည့်တိုင် တစ်ဖက်မှ အသံထွက်မလာသဖြင့် ခမ်းနား၏ ပြုံးစစမျက်နှာက တစ်မျိုး ပြောင်းလဲသွားရသည်။ ယမုံ သူ့ကို စိတ်ဆိုးနေဆဲမို့ စကားမပြောဘဲ နေသည်ဟု ထင်မှတ်ကာ...

"ယမုံ... မောင် အရက်ထပ်မသောက်တော့ဘူးလေ၊ မောင့်ကို စကားပြောပါဦး"

"အဟွန်းးး... ဟွန်း... ဖြောင်း... ဖြောင်း..."

တစ်ဖက်မှ ယောက်ျားတစ်ယောက်၏ လှောင်ပြောင်သရော်သည့် ရယ်သံနှင့်အတူ လက်ခုပ်တီးသံကိုပါ ကြားလိုက်ရသဖြင့် ခမ်းနား ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရသည်။ ယမုံ့ဖုန်းကို အခြားယောက်ျားတစ်ယောက်က ကိုင်ထားသည် မဟုတ်ပါလား။

"ခင်ဗျား ဘယ်သူလဲ... ဘာ့ကြောင့် ယမုံ့ဖုန်းက ခင်ဗျားလက်ထဲ ရောက်နေတာလဲ"

"ဖြည်းဖြည်းမေးပေါ့ ခမ်းနားသွင်ပြင်... ကျုပ်အသံကို ခင်ဗျား မှတ်မိမှာပါ"

ကြားဖူးသလို ရှိသည့် ထိုအသံကြောင့် ခမ်းနား ဖုန်းကို စပီကာဖွင့်လိုက်ရင်း၊ တစ်ပြိုင်နက်တည်းမှာပင် အဝတ်အစားများကို အလောတကြီး ကောက်စွပ်လိုက်ကာ...

"စကားပလ္လင် ခံမနေနဲ့... မြန်မြန်ပြော။ ယမုံ့ဖုန်း ခင်ဗျားလက်ထဲ ဘာလို့ ရောက်နေတာလဲ၊ ယမုံ့ကို ဖုန်းပေးလိုက်စမ်း"

"ကျွတ်... ကျွတ်..."

မထီမဲ့မြင် ပြုနေသည့် တစ်ဖက်ဖုန်းထဲက အသံကြောင့် ခမ်းနား သွားခဲကြိတ်လိုက်မိသည်။ ယမုံ့ဆီက ဘာသံမှ ကြားမရဘဲ အခြားလူတစ်ယောက်က ဖုန်းကိုင်ထားသည့် အခြေအနေကြောင့် စိုးရိမ်စိတ်က ငယ်ထိပ်သို့ ဆောင့်တက်လာရတော့သည်။

"မင်းရဲ့ ယမုံက အခု ကျုပ်လက်ထဲမှာ... တစ်နာရီအတွင်း ကျုပ်ပြောတဲ့နေရာကို ငွေတစ်ဘီလီယံနဲ့အတူ လာခဲ့။ ယမုံ့အသက်နဲ့ အလဲအလှယ် လုပ်ချင်ရင်ပေါ့..."

"ဘာ!... မင်း ဘယ်သူလဲ။ ယမုံ့ကို မင်း ပြန်ပေးဆွဲသွားတာလား... နေရာပြော၊ ငါ အခုချက်ချင်း လာခဲ့မယ်။ ယမုံ့ရဲ့ ဆံချည်တစ်မျှင်ကိုတောင် မင်း လက်ဖျားနဲ့ မထိစေနဲ့!"

"အလား... ချစ်တတ်လိုက်တာဗျာ။ အရင်မိန်းမ နှင်းပွင့်ဖြူကိုရော အခုလိုပဲ ဂရုစိုက်ခဲ့တာလား..."

ထိုစကားသံကြောင့် ခမ်းနား၏ ဦးနှောက်ထဲတွင် အချက်ပေးသံတစ်ခု တီးခတ်သွားသည်။ ဤအသံ၊ ဤလေသံသည် တေဇမိုး ဆိုသည့် ကောင်မှတစ်ပါး အခြားမရှိနိုင်။ တေဇမိုးမှန်း သိလိုက်ရသည့်အခါ ယမုံ့အတွက် ပိုလို့ပင် စိတ်ပူလာရပြီး...

"မင်း... တေဇမိုး! မြန်မြန်ပြောစမ်း... ယမုံ ဘယ်မှာလဲ။ ငါ အခုချက်ချင်းပဲ မင်းလိုချင်တဲ့ ငွေပမာဏကို ပြင်ဆင်ပြီး လာခဲ့မယ်"

"ကြိုက်ပြီလေ... မှတ်ထား၊ နေရာကို ခင်ဗျားတစ်ယောက်တည်း လာရမယ်နော်။ အဟက်... မဟုတ်တာတွေ လုပ်လာလို့ကတော့ မြတ်လေးယမုံကို အပိုင်းပိုင်း ခုတ်ထစ်ပြီး မြစ်ထဲ မျောပစ်လိုက်မယ် သိလား"

ခမ်းနား လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ပြီး အံကို တင်းတင်းကြိတ်လျက်...

"မင်း ယမုံ့ကို လက်ဖျားနဲ့တောင် မထိနဲ့ တေဇမိုး! ငါ အခုချက်ချင်း လာခဲ့မယ်... လိပ်စာကိုသာ မြန်မြန်ပို့ထားလိုက်"

"ကောင်းပြီလေ... ကျုပ် ခင်ဗျားကို စောင့်နေမယ်"

တေဇမိုးဆီက စာတိုနှင့်အတူ မြို့ပြင်စက်ရုံပျက်တစ်ခု၏ လိပ်စာဝင်လာသည်နှင့် ခမ်းနား ကားသော့ကို ဆွဲယူကာ အခန်းပြင်သို့ အမြန်ထွက်ခဲ့သည်။

လှေကားကဆင်းလာသည့် သားဖြစ်သူ၏ မျက်နှာအခြေအနေကို ဧည့်ခန်းထဲတွင်ရှိနေသော ဒေါ်ခင်မာလာ မြင်တော့ ချက်ချင်းမေးသည်။

"သား... ဘယ်သွားမလို့လဲ၊ အလောတကြီးနဲ့"

ယမုံ့ကို ဖမ်းခေါ်သွားသည့်အကြောင်း မိခင်ဖြစ်သူကို ပြောပြလိုက်ပါက ပိုပြီး စိုးရိမ်ပူပန်ကာ ရဲတိုင်တောမျိုး လုပ်ပါက ယမုံ အန္တရာယ်ရှိနိုင်သဖြင့် ခမ်းနား မပြောရန်သာ ဆုံးဖြတ်လိုက်သည်။

"အရေးကြီးကိစ္စလေးရှိလို့ပါ မေမေ၊ ကျွန်တော် သွားလိုက်ဦးမယ်"

"ဪ ဒီကလေး နေ့လည်စာ စားမသွားဘူးလား "

မိခင်ဖြစ်သူ၏ တားဆီးသံကို ထားရစ်ခဲ့ကာ ခမ်းနား အိမ်ပြင်သို့ အမြန်ထွက်ပြီး ကားပေါ်တက်ကာ စက်နှိုးလိုက်သည်။

တေဇမိုး ပို့လိုက်သည့် လိပ်စာအတိုင်း မြေပုံကို ကြည့်ရင်း ကားကို အရှိန်မြှင့်ကာ မြို့ပြင်သို့ ဦးတည်မောင်းနှင်ခဲ့တော့သည်။

တေဇမိုး ပို့ပေးသည့် လိပ်စာအတိုင်း ခမ်းနား ကားကို အရှိန်ပြင်းစွာ မောင်းနှင်လာခဲ့သည်။ သို့သော် လိပ်စာပြထားသည့် နေရာသို့ မရောက်ခင် လမ်းဘေးတစ်နေရာတွင် ရပ်ထားသော ယမုံ့ကားအဖြူလေးကို လှမ်းမြင်လိုက်ရသဖြင့် ခမ်းနား ရင်ဘတ်တစ်ခုလုံး အေးစက်သွားရသည်။

တံခါးနားမှာ အဖြူရောင်ဖိနပ်တစ်ဖက် ကျန်ရစ်ခဲ့သည့် ယမုံ့ကားလေးကို မြင်လိုက်ရသည့်အခါမှ ယမုံ အမှန်တကယ် ဖမ်းဆီးခံလိုက်ရပြီဖြစ်ကြောင်း သေချာသွားကာ ရင်ထဲတွင် စိုးရိမ်စိတ်တို့ အတိုင်းအဆမရှိ တိုးလာတော့သည်။

သူ ကားကို လီဗာကုန်နင်းကာ တေဇမိုး ပို့လိုက်သည့် လိပ်စာအတိုင်း မြို့ပြင်က ဂိုဒေါင်ပျက်ဆီသို့ တောက်လျှောက် မောင်းဝင်ခဲ့သည်။ ဂိုဒေါင်ရှေ့ ရောက်သည်နှင့် ကားကို ဝုန်းခနဲ ရပ်လိုက်ပြီး အထဲသို့ အပြေးအလွှား ဝင်သွားမိသည်။

ဖုန်ထူပြီး မှောင်ရိပ်ကျနေသည့် ဂိုဒေါင်ပျက်ကြီးထဲ ရောက်ချိန်တွင်တော့ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ခမ်းနား ခြေလှမ်းတို့ တုန့်ခနဲ ဖြစ်သွားရ၏။

တိုင်တစ်လုံးတွင် လက်ကို နောက်ပြန်ကြိုးတုတ်ခံထားရပြီး၊ ပါးစပ်ကိုလည်း တိတ်အမည်းဖြင့် ကပ်ထားသည့် ယမုံ...။

"ယမုံ!..."

ယမုံ့ဆီသို့ ခမ်းနား စိုးရိမ်တကြီး ပြေးသွားရန် ခြေလှမ်းပြင်လိုက်စဉ်မှာပင်...။

"သိပ်မလောပါနဲ့ ခမ်းနားသွင်ပြင်..."

ဂိုဒေါင်အမှောင်ရိပ်ထဲမှ တေဇမိုးအပါအဝင် လူလေးယောက်သည် ယမုံ့ရှေ့သို့ ပိတ်ဆို့ကာ ဆီးကြိုရပ်လိုက်ကြသည်။ ထိုလူများ၏ နောက်ကွယ်တွင် မျက်ရည်ဝိုင်းလျက် ရုန်းကန်နေရှာသည့် ယမုံ့ကို မြင်နေရသဖြင့် ခမ်းနား ရှေ့ဆက်မတိုးနိုင်ဘဲ ခြေလှမ်းတို့ကို အတင်းထိန်းချုပ်ရပ်တန့်လိုက်ရတော့သည်။

« ရှေ့အခန်း - ​အပိုင်း (၄၅) နောက်အခန်း - အပိုင်း(၄၇) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ