"ဒီနေ့ တက်ကြွနေပါလား လွင်ပြင်"
ကားသော့ကို လက်ချောင်းကြားမှာ လှည့်ရင်း ကော်ဖီဆိုင်ထဲ ဝင်လာတဲ့ လွင်ပြင်မုန်းကို ကြည့်ပြီး မိုးစည်သူက လှမ်းနှုတ်ဆက်လိုက်လေသည်။ လွင်ပြင်က ခပ်ဖျတ်ဖျတ် ရယ်မောရင်း ရှေ့က ထိုင်ခုံမှာ ဝင်ထိုင်လိုက်ကာ...
"မြတ်လေးယမုံနဲ့ ခမ်းနားသွင်ပြင်တို့ ကွာရှင်းလိုက်ပြီဆိုတဲ့ သတင်းက ငါ့အတွက်တော့ အကောင်းဆုံး မင်္ဂလာသတင်းပဲ စည်သူ"
လွင်ပြင့်စကားကြောင့် မိုးစည်သူ နားမလည်နိုင်ဘဲ ထူးဆန်းသွားရသည်။
"နေစမ်းပါဦး... လွင်ပြင်။ မြတ်လေးယမုံနဲ့ AYA လုပ်ငန်းစုရဲ့ CEO ခမ်းနားသွင်ပြင် တရားဝင် ကွာရှင်းပြတ်ဆဲလိုက်ပြီလို့ ငါလည်း မကြားမိပါဘူး။ မင်းက ဘယ်လိုသိတာလဲ။ ပြီးတော့... သူတို့ ကွာရှင်းကြတယ်ပဲ ထားဦး၊ မင်းအတွက် ဘာလို့ မင်္ဂလာသတင်း ဖြစ်ရတာလဲ"
မိုးစည်သူက သိချင်စိတ်ဖြင့် လွင်ပြင့်ကို စိုက်ကြည့်ရင်း စကားကို ဆက်လိုက်သည်။
"မဟုတ်မှလွဲရော... မင်း ယမုံ့ကို စိတ်ဝင်စားနေတာတော့ မဟုတ်ပါဘူးနော်။ မင်းမှာ စိမ်း ရှိနေတာပဲဥစ္စာ"
လွင်ပြင်မုန်း မျက်နှာကွက်ခနဲ ပျက်သွားပြီးမှ မိုးစည်သူကို စူးစူးစိုက်စိုက် ပြန်ကြည့်ကာ...
"စိမ်းကို ငါ စိတ်မဝင်စားဘူး စည်သူ။ ငါ ယမုံ့ကို စိတ်ဝင်စားခဲ့တာ ကြာပြီ။ ငါ သူ့ကို နှစ်ကြိမ်တိုင်တိုင် ချစ်ရေးဆိုခဲ့ပေမယ့် အဲ့ဒီမာနခဲမင်းသမီးလေးက နှစ်ကြိမ်လုံး ငြင်းခဲ့တယ်။ ဒါပေမယ့် မင်းသိလား... သူ ဘာကြောင့် သူ့ညီမရဲ့ ယောက်ျားဖြစ်ခဲ့ဖူးတဲ့ ခမ်းနားသွင်ပြင်ကိုမှ ကောက်ခါငင်ကာ လက်ထပ်ခဲ့ရလဲဆိုတာ"
လွင်ပြင့်စကားကို မိုးစည်သူ သေချာအာရုံစိုက် နားထောင်နေမိသည်။
"ဟ... မင်းဟာကလည်း ရှုပ်ထွေးလိုက်တာကွာ။ ကြိုက်စရာ မိန်းမရှားလို့၊ သူက အပျိုလည်း မဟုတ်တော့တာကို မင်းက စိတ်ဝင်စားနေတုန်းပဲလား လွင်ပြင်ရာ။ မင်းရုပ် မင်းရည်၊ မင်းအခြေအနေနဲ့ဆို ယမုံ့ထက်သာတဲ့ မိန်းကလေးတွေကို ခေါင်းခေါက်ရွေးလို့ ရပါတယ်"
လွင်ပြင်က မိုးစည်သူကို ကြည့်ရင်း မျက်ဝန်းထဲတွင် လှောင်ရိပ်အချို့ ဖြတ်ပြေးသွားကာ...
"မင်းအတွေးနဲ့မင်းဆိုရင်တော့ မှန်ပါလိမ့်မယ်။ ဒါပေမယ့် ငါ့အတွေးနဲ့ငါဆိုရင်တော့... ငါက ခက်ခဲလေလေ ပိုလိုချင်လေလေဖြစ်တဲ့ကောင်မို့ ငါ့ကို အကြိမ်ကြိမ်ငြင်းခဲ့တဲ့ ယမုံ့ကို ငါမရရအောင် ယူပြမယ်၊ ပိုင်ဆိုင်ပြမယ်။ ပြီးတော့ ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက... သူ ငါ့ကို ငြင်းဆန်ခဲ့တဲ့ အကြောင်းအရင်းကို သူ့နောက်ကွယ်ကနေ ငါတိတ်တဆိတ် စုံစမ်းကြည့်တော့မှ ခမ်းနားသွင်ပြင်နဲ့ ယမုံနဲ့ကြားမှာ အရင်ကတည်းက ဇာတ်လမ်းရှိခဲ့ဖူးတာကို သိလိုက်ရတာပဲ"
"အေး... အဲ့ဒါကရော မင်းကို ဘာလို့ ဒီလောက်အသည်းအသန် ဖြစ်စေရတာလဲ"
လွင်ပြင်က နှာခေါင်းကို လက်ညှိုးဖြင့် ခပ်ဖွဖွ ပွတ်လိုက်ရင်း မျက်မှောင်ကုပ်ကာ...
"သူ့ရဲ့ အဲ့ဒီ မာနတွေကို ငါသဘောကျလို့ပေါ့။ မာနတွေကို တနင့်တပိုး သိမ်းဆည်းထားတဲ့ မိန်းမတစ်ယောက်ရဲ့ အချစ်က ဘယ်လောက်အထိ တန်ဖိုးကြီးလဲ မင်းမသိပါဘူး စည်သူရာ။ ယမုံက အချစ်ထက် သူ့မာနကို ကိုးကွယ်တဲ့ မိန်းကလေး။ သူ့မျက်လုံးတွေထဲမှာ အခြားသူမမြင်အောင် သိုဝှက်ထားပေမယ့်... ခမ်းနားသွင်ပြင်ကို သူဘယ်လောက် ချစ်နေခဲ့သလဲဆိုတာ ငါမြင်နေရတယ်။ အဲ့ဒါကြောင့် ယမုံ့နှလုံးသားထဲက ခမ်းနားသွင်ပြင်ဆိုတဲ့ကောင်ကို ငါကိုယ်တိုင် ဆွဲထုတ်ပြီး နင်းခြေပစ်ချင်လို့!"
"ဟမ်... မင်း... မင်းရူးနေပြီလား လွင်ပြင်"
မိုးစည်သူတစ်ယောက် သူငယ်ချင်းဖြစ်သူရဲ့ အေးစက်တဲ့ မျက်ဝန်းတွေနှင့် စကားလုံးများကြောင့် ကျောထဲကပါ စိမ့်တက်သွားရလေတော့သည်။
🍀🍀🍀
ခမ်းနားသွင်ပြင်နှင့် ကွာရှင်းပြီးကတည်းက မြတ်လေးယမုံသည် ခမ်းနားရဲ့ ပတ်ဝန်းကျင်နှင့် အဆက်အသွယ်ဖြတ်ကာ သူမ၏ ပန်းအလှဆင်လုပ်ငန်းထဲ၌သာ စိတ်နှစ်ထားခဲ့သည်။ ထိုအခြေအနေကို လွင်ပြင်မုန်းက အကွက်ကျကျ အခွင့်ကောင်းယူခဲ့သည်။
သူက ယမုံနှင့် နီးစပ်ခွင့်ရရန်အတွက် သူ၏ စီးပွားဖက်များနှင့် အပေါင်းအသင်းများ၏ ကုမ္ပဏီပွဲများ၊ ပါတီအခမ်းအနားများတွင် ပန်းအလှဆင်ရမည့်အလုပ်မှန်သမျှကို ယမုံ့ဆိုင်နှင့်သာ တိုက်ရိုက်ချိတ်ဆက်ပေးခဲ့လေသည်။
ဒီနေ့လည်း လွင်ပြင်မုန်း၏ မိတ်ဆွေတစ်ဦးဖြစ်သော ဟိုတယ်ဖွင့်ပွဲတစ်ခုတွင် ယမုံကိုယ်တိုင် လာရောက်ကြီးကြပ်ပြီး ပန်းအလှဆင်နေရသည်။ ပွဲခင်းအပြင်အဆင်များကို စစ်ဆေးရင်း ဧည့်ခန်းမဆောင်ထဲတွင် တစ်ယောက်တည်း ကျန်ခဲ့သည့်အချိန်၌ လွင်ပြင်မုန်းက ခြေလှမ်းအသာအယာဖြင့် ယမုံ့အနီးသို့ ရောက်ရှိလာခဲ့၏။
"ပန်းတွေက မင်းကြောင့် ပိုပြီး သက်ဝင်လှပနေသလိုပဲ ယမုံ"
နှုတ်ဆက်သံနှင့်အတူ ဘေးနားသို့ ရောက်လာသော လွင်ပြင်မုန်းကြောင့် ယမုံ့လက်ထဲက ပန်းညှပ်ကတ်ကြေးလေး ခဏတာ ရပ်တန့်သွားသည်။ သို့သော် သူမ မျက်နှာကို တည်ငြိမ်စွာ ထိန်းထားရင်း လွင်ပြင့်ကို လှည့်ကြည့်ကာ ယဉ်ကျေးရည်မွန်စွာဖြင့်ပင်...
"ကျေးဇူးတင်ပါတယ် ကိုလွင်ပြင်မုန်း... ဒီပွဲအတွက် ယမုံ့ဆိုင်ကို ယုံယုံကြည်ကြည်နဲ့ ချိတ်ဆက်ပေးတာလည်း အထူးပဲ ကျေးဇူးတင်ပါတယ်"
ယမုံက အလုပ်သဘောအရသာ တုံ့ပြန်သော်လည်း လွင်ပြင်မုန်းကတော့ နောက်ဆုတ်မည့်ပုံမပေါ်။
သူက ယမုံ့ကို စူးစိုက်ကြည့်ရင်း တစ်လှမ်းချင်း တိုးလာကာ လေသံကို ခပ်တိုးတိုး ပြောင်းလိုက်ရင်း...
"ကိုယ့်ကို ကျေးဇူးတင်ဖို့ မလိုပါဘူး။ မင်းအတွက်ဆို ကိုယ်ဘာမဆို လုပ်ပေးဖို့ အဆင်သင့်ပဲဆိုတာ မင်းသိသားနဲ့... ယမုံ။ အခု... ယမုံလည်း လွတ်လပ်သွားပြီဆိုတော့ ကိုယ့်နှလုံးသားကို ယမုံ့ဆီ တရားဝင် ထပ်ပြီး ကမ်းလှမ်းပါရစေ။ ကိုယ့်အချစ်တွေကို လက်ခံပေးပါ ယမုံ။ မင်းကို ပျော်ရွှင်အောင် ကိုယ်ထားပါ့မယ်"
လွင်ပြင်မုန်း၏ မမျှော်လင့်ဘဲ တိုက်ရိုက်ကျလာသော ချစ်ရေးဆိုစကားကြောင့် ယမုံ့မျက်ဝန်းများ အေးစက်ခက်ထန်သွားရသည်။ သူမ လက်ထဲက ကတ်ကြေးကို စိတ်ပျက်လက်ပျက်ဖြင့် ဘေးက စားပွဲပေါ်သို့ ချလိုက်ပြီး လွင်ပြင့်ကို မျက်နှာချင်းဆိုင်လိုက်၏။
"တော်ပါတော့ ကိုလွင်ပြင်မုန်း!"
ယမုံ့ထံမှ ထွက်လာသော လေသံက ချက်ချင်းဆိုသလို ငြင်းဆန်လိုက်သည့်အဓိပ္ပါယ်မို့ လွင်ပြင်မုန်းပင် စကားအရှိန် တန့်သွားရသည်။
"ယမုံ့ဘက်က ဘယ်တုန်းကမှ မျှော်လင့်ချက် မပေးခဲ့ဖူးသလို၊ အခုလည်း အဖြေက အရင်အတိုင်းပဲ... မပြောင်းလဲပါဘူး။ ပြီးတော့... ယမုံ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို အခွင့်ကောင်းယူပြီး ဒီလိုစကားမျိုးတွေ ထပ်မပြောပါနဲ့တော့။ ယမုံ့ကို လေးစားတယ်ဆိုရင် အလုပ်ကိစ္စကလွဲလို့ ကျန်တဲ့ အပိုစကားတွေကို သွယ်ဝိုက်ပြီးတော့တောင် ထပ်မဟပါနဲ့။ မဟုတ်ရင်တော့... နောက်နောင် ကိုလွင်ပြင် ချိတ်ဆက်ပေးတဲ့ အလုပ်မှန်သမျှကို ယမုံ ငြင်းပယ်ရပါလိမ့်မယ်"
တစ်လုံးချင်း ပြတ်ပြတ်သားသား ပြောဆိုပြီးသည်နှင့် မြတ်လေးယမုံက လွင်ပြင်မုန်းကို တစ်ချက်ပင် ပြန်မကြည့်တော့ဘဲ သူမ၏ ပန်းခြင်းများကိုသာ စိတ်အာရုံစိုက်ကာ ဆက်လက်ပြင်ဆင်နေတော့သည်။
သူမ၏ ကျောပြင်ကို ကြည့်ရင်း ကျန်ခဲ့သော လွင်ပြင်မုန်း၏ မျက်နှာမှာမူ အလိုမကျမှုနှင့်အတူ ဒေါသအရိပ်အယောင်တို့ ဖြတ်ပြေးသွားပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားမိလေတော့သည်။
မြတ်လေးယမုံ့ထံမှ ပြတ်သားလွန်းသော ငြင်းပယ်မှုကိုထပ်မံရရှိ ခံလိုက်ရသဖြင့် လွင်ပြင်မုန်းတစ်ယောက် ဒေါသတရားတို့ဖြင့် ရင်ဘတ်တစ်ခုလုံး နိမ့်ချီမြင့်ချီ ဖြစ်နေရသည်။ သို့သော် သူက ချက်ချင်း မျက်နှာပြင်ပြင်လိုက်ပြီး အပြုံးတစ်ခုကို ဆင်မြန်းကာ ခြေလှမ်းတို့ကို ထိုနေရာမှ ဆုတ်ခွာခဲ့တော့သည်။
ထိုသို့ လွင်ပြင်မုန်း လှည့်ထွက်သွားသည့် အချိန်နှင့်အမျှ... ဧည့်ခန်းမဆောင်ကြီး၏ အဝင်ဝဘက်ဆီသို့ ခြေလှမ်းကျဲများဖြင့် ဝင်ရောက်လာသူကတော့ AYA လုပ်ငန်းစု၏ CEO ခမ်းနားသွင်ပြင် ပင် ဖြစ်သည်။
ဒီဟိုတယ်အသစ်၏ ပိုင်ရှင်ဖြစ်သူ ကျော်ဌေးဝင်း က ခမ်းနားနှင့် လုပ်ငန်းသဘောအရ အလွန်ရင်းနှီးသူပီပီ၊ ဟိုတယ်ဖွင့်ပွဲမတိုင်ခင် ပွဲခင်းအပြင်အဆင်နှင့် လိုအပ်သည်များကို စီးပွားရေးအမြင်အရ အကြံပေးရန်အတွက် ခမ်းနားကို အကူအညီတောင်းကာ ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။
ကျော်ဌေးဝင်းနှင့်အတူ အခန်းမဆောင်ထဲသို့ ဝင်လာစဉ်... ခမ်းနား၏ မျက်ဝန်းအစုံက ပန်းခြင်းများကြားတွင် တည်ငြိမ်စွာ ရပ်နေသော ယမုံ့ထံသို့ ချက်ချင်းဆိုသလို ကျရောက်သွားခဲ့သည်။ ထို့ပြင်... ယမုံ့အနီးနားမှ ပြုံးနေသည်ဟု ထင်ရသည့် မျက်နှာထားဖြင့် လှည့်ထွက်လာသော လွင်ပြင်မုန်းကိုပါ ရုတ်တရက် မြင်လိုက်ရသည့်အခါ ခမ်းနား၏ ခြေလှမ်းများ တုန့်ခနဲ ရပ်တန့်သွားရတော့သည်။
'ယမုံ့က သူ့ကို တကယ်မေ့ပစ်နိုင်ခဲ့တာလား ၊ဒါ့ကြောင့် လွင်ပြင်မုန်းကို လက်ခံလိုက်တာလား '
အတွေးစတို့က မွန်းကြပ်စွာ ရင်ဘက်ထဲ တိုးဝင်လာခဲ့သည်၊
ထိုမြင်ကွင်းကြောင့် ခမ်းနား၏ ရင်ဘတ်တစ်ခုလုံး ဆတ်ခနဲ တုန်ခါသွားကာ နှလုံးသားတို့ တစ်စစီ ထပ်မံကွဲကြေရပြန်သည်။ ကွာရှင်းပြတ်ဆဲပြီးနောက်ပိုင်း ယမုံ့အနီးမှာ လွင်ပြင်မုန်း အမြဲတစေ အရိပ်တကြည့်ကြည့် ရှိနေတတ်သည်ကို ခမ်းနား သိရှိထားပြီးဖြစ်သည်။
တကယ်တော့... ယမုံ့ဘက်ကသာ ကွာရှင်းစာချုပ်ပေါ်မှာ ပြတ်သားစွာ လက်မှတ်ရေးထိုးပြီး အပြီးတိုင် ကျောခိုင်းသွားခဲ့တာ ဖြစ်သည်။ ခမ်းနားဘက်ကမူ ထိုကွာရှင်းစာချုပ်ပေါ်တွင် မည်သည့်အခါမှ လက်မှတ်မထိုးခဲ့ပါ။ သူ၏ နှလုံးသား၊ သူ၏ ဘဝနှင့် ဇနီးအဖြစ် ကမ္ပည်းတင်ထားသော မြတ်လေးယမုံ ဆိုသည့် မိန်းကလေးကို သူ ဘယ်သောအခါမှ လက်လွှတ်ဖျက်ဆီးပစ်ရန် အစီအစဉ်မရှိခဲ့ပေ။ စာချုပ်လေးကို သူ၏ ရုံးခန်းစာပွဲအံဆွဲထဲတွင် တန်ဖိုးထား သိမ်းဆည်းထားဆဲ ဖြစ်သည်။
သူမက ကွာရှင်းပြီးပြီအထင်နှင့် သူနှင့်ပက်သက်တဲ့ ရပ်ဝန်းကို အဆက်အသွယ်ဖြတ်ကာ ပန်းဆိုင်လေးထဲမှာပဲ စိတ်နှစ်ထားချိန်မှာ... ခမ်းနားကတော့ တစ်ရက်မှ မေ့မရဘဲ သူမ သွားလေရာ၊ ရှိလေရာ နောက်ကွယ်သို့ လူလွှတ်၍ဖြစ်စေ၊ မိမိကိုယ်တိုင်ဖြစ်စေ အမြဲတမ်း တိတ်တဆိတ် လိုက်ပါစောင့်ရှောက်ပေးခဲ့သည်။
ယမုံ့ကို အသက်ထက်မက ချစ်သော်လည်း... မိမိကို မြင်လိုက်ရုံမျှဖြင့် ယမုံ စိတ်ဒဏ်ရာတွေ ပြန်ပေါ်ပြီး မပျော်မရွှင် ဖြစ်သွားမှာကို ခမ်းနား အကြောက်ဆုံး ဖြစ်သည်။ ထို့ကြောင့်သာ... နှလုံးသားကို မီးစနဲ့ထိုးေနသလို နာကျင်ရသော်လည်း သူမရှေ့၌ ပေါ်မလာဘဲ ကွယ်ရာကနေသာ အရိပ်တကြည့်ကြည့် စောင့်ရှောက်ပေးဖို့ သူ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
"အော်... ကိုခမ်းနားသွင်ပြင်၊ ရောက်လာပြီလား။ လာဗျာ... ဟိုဘက်က ခန်းမကို လိုက်ကြည့်ပေးပါဦး"
ဘေးက ကျော်ဌေးဝင်း၏ ခေါ်သံကြောင့် ခမ်းနား သက်ပြင်းကို ခပ်ဖွဖွချကာ ယမုံ့ထံမှ မျက်ဝန်းတို့ကို အားတင်း၍ လွှဲလိုက်ရသည်။ ယမုံကတော့ ပန်းများကိုသာ အာရုံစိုက်နေသဖြင့် ခမ်းနား ရောက်နေသည်ကို လုံးဝ သတိမထားမိလိုက်ရှာပေ။
ခမ်းနား လှည့်ထွက်မသွားခင်... ယမုံ့ကို နောက်ဆုံးတစ်ချက် ငေးမောကြည့်ရင်း ရင်ထဲကနေ တိုးတိုးလေး ရေရွတ်မိလိုက်လေသည်။
'မောင် ယမုံ့အနားမှာ ရှိနေပါတယ် ...
အခန်းမှတ်ချက်များ (0)