ယမုံနဲ့ အန်တီခင်မာလာ အခန်းအပြင်ကို ထွက်လာတော့ ခမ်းနားကို မတွေ့ရတော့ချေ။ ဒေါ်မခင်မာလာက လူရှင်းတဲ့ နေရာကို ရောက်တော့မှ ယမုံ့လက်ကို အသာအယာဆုပ်ကိုင်ရင်း...
"အန်တီ သမီးကို စကားပြောမှ ဖြစ်တော့မှာမို့ သမီးဘက်က ဆုံးအောင် နားထောင်ပေးပါကွယ်"
ယမုံ ဘာစကားမှ ပြန်မပြောဘဲ ရင်ထဲက တင်းကျပ်မှုကို သက်ပြင်းသဲ့သဲ့ချလိုက်ရင်း အန်တီခင်မာလာကို သေချာကြည့်လိုက်ကာ...
"ကလေးအတွက် ခမ်းနားကို လက်ထပ်ဖို့ အန်တီတိုက်တွန်းချင်တယ် ဆိုရင်တော့ ယမုံ ကြိုတင်ပြီးပဲ တောင်းပန်ပါရစေ"
ယမုံ့ရဲ့ ပြတ်သားလှတဲ့ စကားကြောင့် ဒေါ်ခင်မာလာ မျက်နှာ အနည်းငယ် ပျက်သွားရပြီး...
"ဘာအတွက်ကြောင့်လဲ သမီး... ကေလးက သမီးညီမ စနိုးရဲ့ သွေးသားနော်၊ ခမ်းနားနဲ့ မဆိုင်ဘူးဆိုတာ DNA အရရော သမီးအဖေရဲ့ ပြောစကားအရပါ သမီးသိပြီးလောက်ပြီလို့ ထင်တယ်။ ကလေးအဖေ ဘယ်သူဘယ်ဝါ ဆိုတာ အန်တီတို့မသိပေမယ့် သမီးအဖေကတော့ သိနေလောက်မှာပါ။ ဒီစခဲ့တဲ့ဇာတ်လမ်းက သူတို့သားဖနှစ်ယောက်ရဲ့ ဇာတ်လမ်းပဲလေ"
ယမုံ ခေါင်းညိတ်လျက် ဖျော့တော့စွာ တစ်ချက်ပြုံးလိုက်ပြီးနောက် ဒေါ်ခင်မာလာဘက်သို့ မျက်နှာချင်းဆိုင် ပြန်ရပ်လိုက်ကာ လက်ချောင်းလေးတွေကို တင်းတင်းဆုပ်ထားမိသည်။
"အန်တီ... ကလေးကို အကြောင်းပြုပြီး ခမ်းနားနဲ့ ယမုံ့ကို အန်တီတို့ လက်ထပ်စေချင်တာက မှန်ပေမယ့် ယမုံဘက်က ခမ်းနားကို ပြန်လက်ခံဖို့အတွက် လုံးဝအဆင်မပြေဘူး ဖြစ်နေတယ်"
"ဘာကြောင့်လဲ... အန်တီသားက မုဆိုးဖို ဖြစ်သွားလို့လား သမီးရယ်"
ယမုံက ခေါင်းခါလျက်ဖြင့်...
"မဟုတ်ဘူးအန်တီ။ ဘာ့ကြောင့်လဲဆိုတာ ယမုံ့ထက် အန်တီသားကို မေးကြည့်ရင် အဖြေပေါ်မှာပါ။ သူ့အတွက် အဆင်ပြေမယ့်သူကို သူကိုယ်တိုင် ရွေးချယ်ခဲ့တာ... အဲ့ဒီသူက ယမုံမဟုတ်ခဲ့တာလည်း အန်တီတို့ သိပြီးသားပဲမဟုတ်လား"
ယမုံ ဘာကို ဆိုလိုခြင်းမှန်း ဒေါ်ခင်မာလာ ကောင်းကောင်း နားလည်တာမို့ ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်ပြီး ချော့မော့တဲ့ လေသံဖြင့်...
"ခမ်းနားက သမီးကို ချစ်နေတုန်းပဲ။ သူ ရှောင်လွှဲမရတဲ့ ကံကြမ္မာတစ်ခုကြောင့် စနိုးနဲ့ လက်ထပ်လိုက်ရပေမယ့် သူ့ရင်ထဲမှာ သမီးတစ်ယောက်တည်းပဲ အခုချိန်ထိ ရှိခဲ့တာပါ"
အန်တီခင်မာလာ စကားအဆုံးမှာတော့ ယမုံ့နှုတ်ခမ်းတို့က လှောင်ပြုံးတစ်ခုအဖြစ် မဲ့ကျသွားရုံမက မျက်ဝန်းအိမ်ထဲမှာလည်း နာကျည်းမှု အရိပ်အယောင်တွေ ဖြတ်ပြေးသွားတော့သည်။
"ခြောက်နှစ်လုံးလုံး ယမုံက သူ့စိတ်ထဲမှာ ရှိခဲ့လို့... သူက လုံးဝ ယမုံ့ဆီ မဆက်သွယ်ဘဲ စနိုးကိုပဲ ရွေးချယ်ခဲ့တာပေါ့... ဟုတ်လား အန်တီ..."
ခနဲ့တဲ့ စကားလုံးတွေနောက်က ယမုံရဲ့ ခံစားချက် အတိမ်အနက်ကို ဒေါ်ခင်မာလာထင်သည်ထက် ပိုမြင်လိုက်ရပြီး၊ ယမုံ့ရဲ့ ဒဏ်ရာတွေက နက်ရှိုင်းလွန်းလှတာမို့ သူမကို လက်ခံလာအောင် တော်တော် ကြိုးစားရဦးမယ်ဆိုတာ ကောင်းကောင်း နားလည်လိုက်ရလေတော့သည်။
🌷🌷🌷🌷🌷
"သား မင်း မေမေ့စကားကို နားထောင်ပါ သားရယ် ပြီးခဲ့တာတွေက ဘာတစ်ခုမှ အစက ပြန်စလို့ မရတော့ဘူး မင်းရှေ့ဆက်လျှောက်ရမှာက အများကြီးရှိသေးတယ် ဒီအရက်တွေကို အချိန်ကုန်ခံ သောက်ပြီး မင်းကိုမင်း မဖျက်ဆီးစမ်းပါနဲ့"
မိခင်ဖြစ်သူစကားကြောင့် ခမ်းနား နာနာကျင်ကျင်ပြုံးလိုက်မိရင်း အရက်ထည့်ထားသည့် ဖန်ခွက်ကို စားပွဲပေါ် ပြန်တင်လိုက်သည်၊ပြီးနောက် ဒေါ်ခင်မာလာကို ပြန်လည်လို့ မော့ကြည့်လိုက်ရင်း...
"ကျွန်တော် မွန်းကြပ်လွန်းလို့ သောက်နေပေမယ့် အလုပ်ကိစ္စတွေ မလစ်ဟင်းပါဘူး မေမေ ဘိုးဘိုးကြီးအတွက် ကျွန်တော် မတရားသဖြင့် ခံစားနေရလို့ ကျွန်တော့်စိတ်ရှိတိုင်း ဦးစိုးထွဋ်ကိုလုပ်ပစ်ချင်ပေမယ့် ယမုံကို ထပ်ပြီးမနာကျင်စေချင်ဘူး ကျွန်တော်ကလေ တော်တော်ကို အသုံးမကျတဲ့ကောင် သိလား မေမေ ဘိုးဘိုးကြီးကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ လူကိုမှ ကျေးဇူးရှင်လို့ သက်မှတ်ပြီး လေးလေးစားစား ဆက်ဆံခဲ့တာသိလား
အဟွန်းရယ်ရသေးတယ် အခြားကောင်နဲ့ရခဲ့တဲ့ ကိုယ်ဝန်ကိုယ်တောင် ကိုယ့်ကလေးမှတ်ပြီး နွားကျခံ ယူခဲ့ရသေးတယ် ခြောက်နှစ်လုံးလုံး ကျွန်တော့်ကို စောင့်နေခဲ့တဲ့ ယမုံ့အပေါ်ကို ကျွန်တော်သစ်စိမ်းချိုးချိုးခဲ့တာ မေမေရဲ့..
ယမုံရဲ့ သစ္စာတွေ ကျွန်တော့်ကို ဆူးနေတာ ကျွန်တော် ကျေနပ်တယ်သိလား ကျွန်တော်က ယမုံ့ အမုန်းတွေနဲ့ ထိုက်တန်တဲ့ကောင်လေ ဒီနာကျင်မှုတွေက ကျွန်တော့်အတွက် နည်းတောင် နည်းနေသေးတယ်"
ဒေါ်ခင်မာလာ ခမ်းနားရဲ့ ပခုံးကို အသာပုတ်လိုက်ပြီး..
'ယမုံ သားကို လက်ထပ်မယ်ဆိုရင်ရော.."
"......."
မေမေ့စကားကြောင့် ခမ်းနားမော့ကြည့်လိုက်ပြီး
"မဖြစ်နိုင်တာ မေမေရာ ယမုံက ..ယမုံက ကျွန်တော့်ကို မုန်းနေတာ ပြီးတော့ ကျွန်တော့်လို မုဆိုးဖိုကို သူက လက်ထပ်မတဲ့လား"
"ယမုံက မင်းကို လက်ထပ်လိမ့်မယ် မေမေရဲရဲကြီးအာမခံတယ် အဲ့ဒီအတွက် မင်းကိုမင်း ပြုပြင်နေစမ်းပါ သားရယ် ပါးမြိုင်းမွှေးတွေရိတ်ပြီး ဆံပင်တွေရှုပ်ပွပွ ဖြစ်နေတာ သေသေသပ်သပ် ညှပ်ပစ်စမ်းပါ မင်းက မုဆိုးဖို အမည်ခံဖြစ်သွားပေမယ့် ကလေးက မင်းကလေးလဲ မဟုတ်ဘူး ပြီးတော့ မေမေတို့မှာ ချည်နှောင်စရာ ဒီကလေးပဲ ရှိနေတယ်
ယမုံက အပြင်ပန်းကြည့်ရင် မာကျောသယောင် ထင်ရပေမယ့် သူ့ရဲ့ အတွင်းစိတ်ထား နှလုံးသားက နူးညံ့တယ် ဆိုတာ မေမေမြင်နေရတယ်"
ယမုံ့အတွက် မတရားဘူးဆိုတာသိပေမယ့် မိခင်တစ်ယောက်မို့ ကိုယ့်သားအတွက် ဒေါ်ခင်မာလာ အတ္တကြီးမိတာတော့ အမှန်ပင်!
အစောကတည်းက ယမုံလေးကို သဘောကျခဲ့ရတာ၊ စနိုးနဲ့ လက်ထပ်ဖြစ်တယ်ဆိုလို့တောင် သူမမှာ အံ့ဩပြီး သားအတွက် ဖြေမဆည်နိုင်ဖြစ်ခဲ့ရသေးတယ် မဟုတ်လား..
ပြောပြီးနောက် ဒေါ်ခင်မာလာ အခန်းထဲက ထွက်လာလိုက်သည်၊ ငိုသံကြားနေတဲ့ သတိုးအခန်းဘက်ကို တစ်ချက်ကြည့်ပြီး သက်ပြင်းချကာ သူမ အခန်းရှိရာသို့ ပြန်လာခဲ့လိုက်သည်၊
🌷🌷🌷🌷
ယမုံ ဖေဖေ့ဆီက ပြန်လာပြီး ဆိုင်ကိုရောက်တော့ ပန်းတွေ အကုန်မရှိတော့တာမို့ မျက်လုံးလေး ဝိုင်းသွားရင်း ဆိုင်ရှိရာသို့ ခပ်မြန်မြန်လျှောက်သွားလိုက်ရင်း...
"ကေသာ ဆိုင်က ပန်းတွေဘယ်ရောက်ကုန်တာလဲ"
ယမုံ့အသံကြားတော့ ငုဝါနဲ့ကေသာ မတ်တပ်ရပ်လိုက်ပြီး ပြုံးလျက်ဖြင့်..
"မမ ဒီနေ့ဆိုင်က ပန်းတွေကို ဟို လွင်ပြင်မုန်းဆိုတဲ့သူ အကုန်ဝယ်သွားတယ်"
"ဘာ"
"ဟုတ်တယ် မမရဲ့ ပြီးတော့ မမကို ပါဆယ်ဘူး တစ်ဘူးလဲ ပေးသွားတယ် မမလာရင် ပေးလိုက်ပါတဲ့"
ကေသာ့ စကားကြောင့် ယမုံ မျက်မှောင်ကြုတ်လိုက်ရင်း
"ဒီလူက ရူးနေတာလား ကေသာ ဖုန်းထုတ်ပြီး ပန်းစိုက်ခင်းသမားတွေကို ဖုန်းဆက်ပါ ဒီနေ့ အော်ဒါမှာထားတဲ့ ပန်းစည်းသမားတွေ ပေးဖို့ ရှိသေးတယ်"
ကေသာက ပြုံးလိုက်ပြီး
"ကေသာတို့ ဆက်ပြီးပါပြီ မမရဲ့ ပဲပန်းနဲ့ နှင်းဆီခြံကို ဆက်ပြီးပြီးနော် "
ယမုံခေါင်းညိတ်လိုက်ပြီး ဆိုင်ထဲကို ဝင်ဖို့ပြင်လိုက်တော့ လက်ကိုင်အိတ်ထဲက ဖုန်းမြည်လာသည်မို့
နိုက်ယူလိုက်ပြီး..
"ဟလို "
"မြတ်လေးယမုံ ကျွန်တော်ပါ "
ယမုံ သူ့အသံကို မှတ်မိတာမို့ ..
"ဟုတ်ကဲ့ ကိုလွင်ပြင်မုန်း ဘာကိစ္စရှိလို့လဲရှင့်"
တစ်ဖက်မှ ရယ်သံသဲ့သဲ့ကြားလိုက်ရသည်မို့ယမုံစိတ်ရှုပ်သွားသည့် မျက်နှာဖြင့်..
"ကိစ္စမရှိဘူးဆိုလည်း ကျွန်မ ဖုန်းချလိုက်တော့မယ်"
"ခဏ ခဏနေပါဦးယမုံရဲ့ ကျွန်တော့်ရင်ထဲက ချစ်ခြင်းမေတ္တာတွေကို ယမုံကို ပြောပြချင်သေးလို့ "
"ကျွန်မ နားမထောင်ချင်ဘူး ပြီးတော့ အလုပ်ကိစ္စမဟုတ်ရင် ကျွန်မ ဆီဖုန်းမဆက်ပါနဲ့ "
ပြောပြီးဖုန်းချဖို့ ပြင်လိုက်သည်၊
"ကျွန်တော် ယမုံ့ကို ချစ်တယ်"
ဖုန်းချခါနီးကြားလိုက်ရတဲ့ စကားကြောင့် ယမုံ့မျက်နှာပျက်သွားရင်း..
"တောင်းပန်ပါတယ် ကျွန်မ ရှင့်ကို မချစ်နိုင်လို့ အဲ့ဒီစကားတွေ ထပ်မပြောပါနဲ့ "
ပြောရင်း ဖုန်းချပစ်လိုက်ရင်း သက်ပြင်းချလိုက်မိသည်၊
အချစ်ဦးဆိုတာအချစ်ဦးပါပဲ ဘယ်လောက်နှစ်တွေကြာကြာ ဘယ်လောက်နာကျင်မှုတွေရှိရှိ နှလုံးသားရဲ့တစ်ထောင့်တစ်နေရာမှာ သိမ်းဆည်းထားမိတယ်**
အခန်းမှတ်ချက်များ (0)