Bububai ဝတ္ထု အချစ်ဦး ပုံပြင် အခန်းစာရင်း

အပိုင်း(၂၉)

အန်တီခင်မာလာ၏ စကားကြောင့် ယမုံ သက်ပြင်းအကြိမ်ကြိမ်ချရင်း ဆုံးဖြတ်ချက်တစ်ခုကို ချဖို့ အတော်လေးကို စဉ်းစားနေရသည်။ အခုအနေအထားအရက ကလေးက ခမ်းနားရဲ့ကလေးမဟုတ်သည့်အတွက် သူတို့က လွတ်လွတ်ခါခါလုပ်လိုက်ရင် ချုချာလွန်းသည့် ကလေးအတွက်လည်း ထည့်စဉ်းစားရဦးမည်။

အန်တီမာလာခင်၏ စကားအသွားအလာအရတော့ ကလေးကို ယမုံ့အား တစ်ပတ်ကို တစ်ခါ၊ နှစ်ခါလောက် လာကြည့်စေချင်ကြောင်း စကားဆိုလာသည်မို့ ယမုံ့ဘက်က ငြင်းဆန်မယ်ဆိုလည်း ရပေမယ့် ကလေးက ကိုယ့်ညီမရဲ့ကလေး၊ ကိုယ်၏ သွေးသားမို့ ယမုံ မရက်စက်နိုင်ပြန်။

ဒါပေမယ့် အန်တီမာလာခင်၏ စကားကို လက်ခံလိုက်ပြန်ရင်လည်း ခမ်းနားနှင့် ခဏခဏ ရင်ဆိုင်တွေ့ကြုံနေရမည့်အဖြစ်က ယမုံ့အတွက် အဆင်မပြေနိုင်ပေ။ အတိတ်က နာကျင်မှုတွေနှင့် ရှုပ်ထွေးမှုများရှိရာ ထိုအိမ်ဆီသို့ ခြေဦးပြန်လှည့်ဖို့ရာ ယမုံ့စိတ်အစုံက တုံ့ဆိုင်းနေမိသည်။ သို့သော်လည်း အပြစ်ကင်းစင်ပြီး ဂရုစိုက်မှုလိုနေရှာသည့် ကလေးငယ်၏ မျက်နှာကို မြင်ယောင်လာမိသည့်အခါ ယမုံ့ရင်ထဲက မေတ္တာတရားက အမုန်းတရားထက် ပို၍အလေးသာသွားခဲ့ရသည်။

ယမုံ မျက်တောင်ရှည်ကြီးများကို ပုတ်ခတ်ရင်း စိတ်ကို ဒုန်းဒုန်းချလိုက်ကာ ခေါင်းငြိတ်လက်ခံလိုက်တော့သည်။

"ကောင်းပါပြီ အန်တီ... ယမုံ လက်ခံပါတယ်၊ စနေနဲ့ တနင်္ဂနွေ ရက်တိုင်း ကလေးဆီကို ယမုံ လာခဲ့ပါ့မယ်"

ထိုအခါ အန်တီမာလာခင်က ကြည်စင်သောအပြုံးတို့ဖြင့် ယမုံ့ကို ကြည့်ပြီး နွေးထွေးစွာ စကားဆိုလာသည်။

"အန်တီတို့ သွေးသားမဟုတ်လည်း အန်တီတို့က မေတ္တာတရား မခေါင်းပါးပါဘူးကွယ်... လူကြီးတွေရဲ့ အမှားတွေကြား အပြစ်မရှိတဲ့ ကလေးမို့ မြေဇာပင် မဖြစ်စေချင်ရုံပါ။ အန်တီတို့ အတူပြုစုပျိုးထောင်ပေးကြတာပေါ့"

ထိုစကားက ယမုံ့ရင်ထဲက စိုးရိမ်ပူပန်မှု အလုံးစုံကို အရည်ပျော်ကျသွားစေကာ ရှေ့ဆက်ရမည့် ဒဏ်ရာဒဏ်ချက်များရှိသော လမ်းခရီးတွင် ကလေးငယ်အတွက် အင်အားဖြစ်စေရန်သာ ဆုံးဖြတ်လိုက်ပါတော့သည်။

🍀🍀🍀🍀

အင်္ဂလန်ရှိ ဘိုးဘိုးကြီး၏ လူရုံ ကိုမောင်မောင်ထံမှ ဖုန်းဝင်လာပြီးနောက်တွင်တော့ ခမ်းနား စက္ကန့်ပိုင်းမျှပင် နှောင့်နှေးမနေခဲ့ပါ။ ဘိုးဘိုးကြီး ကွယ်လွန်မှုနှင့်ပတ်သက်ပြီး သတင်းအစအန ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့သည့် ဦးအိုက်သျှန်၏ တည်နေရာကို ရလိုက်ပြီဆိုသည်နှင့် ခမ်းနား ကိုယ်တိုင် အင်္ဂလန်သို့ လိုက်သွားကာ ထိုလူကို အမိအရ ဖမ်းခေါ်ခဲ့တော့သည်။

မြေအောက်ခန်းတစ်ခု၏ မှောင်ရိပ်ထဲတွင် ဒူးထောက်လျက် တုန်တုန်ရင်ရင်ဖြစ်နေသော ဦးအိုက်သျှန်၏ နှုတ်မှ ထွက်ကျလာသည့် အမှန်တရားစကားလုံးများက ခမ်းနား၏ ကမ္ဘာတစ်ခုလုံးကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေခဲ့သည်။

ထိုနေ့က... ဥက္ကဌကြီးနှင့် ဦးစိုးထွဋ်တို့ အပြင်းအထန် အပြန်အလှန် စကားများခဲ့ကြသည်။ စကားများရင်း ဒေါသအဟုန် ထိန်းမရတော့သည့် ဦးစိုးထွဋ်က ဥက္ကဌကြီးကို ဆောင့်တွန်းလိုက်ရာမှ ဥက္ကဌကြီး လဲကျသွားခဲ့ရခြင်း ဖြစ်သည်။

ထိုဖြစ်ရပ်တစ်ခုလုံး၏ တစ်ဦးတည်းသော မျက်မြင်သက်သေမှာ ဦးအိုက်သျှန်ဖြစ်ကြောင်း ဦးစိုးထွဋ် သိသွားသည့်နောက်တွင်တော့... ဦးစိုးထွဋ်သည် သွေးအေးအေးဖြင့်ပင် လှည့်ကွက်ဆင်ခဲ့သည်။ ဦးအိုက်သျှန် မက်လောက်မည့် ငွေပမာဏအမြောက်အမြားကို ပေးကာ အင်္ဂလန်မှအခြားနေရာသို့ ခြေရာဖျောက် ခိုအောင်းနေခိုင်းခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် အကယ်၍သာ ပြန်ပေါ်လာပြီး ဤကိစ္စကို ထုတ်ဖော်ပြောဆိုခဲ့ပါက ဦးအိုက်သျှန်၏ မိသားစုတစ်ခုလုံးကို အစဖျောက် သတ်ပစ်မည်ဖြစ်ကြောင်း ရက်ရက်စက်စက် ခြိမ်းခြောက်ခဲ့ပုံများကို ဦးအိုက်သျှန်က ငိုယိုကာ ဝန်ခံလာခဲ့သည်။

"ခင်ဗျား ... ခင်ဗျား ပြောတာ တကယ်ပဲလား..."

ခမ်းနား၏ အသံများ တုန်ရီနေကာ တစ်ကိုယ်လုံး ခြောက်ခြားတုန်လှုပ်သွားရသည်။ မိမိအသက်ထက်ချစ်ရသော၊ မိမိကို အစစအရာရာ မြေတောင်မြှောက်ပေးခဲ့သော ဘိုးဘိုးကြီးကို သေဆုံးစေခဲ့သည့် တရားခံအစစ်က ဘိုးဘိုးကြီးကိုယ်တိုင် သိပ်ပြီးအရေးပေး ယုံကြည်ခဲ့ရသည့် ဦးစိုးထွဋ် ဖြစ်နေသည်တဲ့လား။

ရင်ဘတ်တစ်ခုလုံး အဆမတန် စူးအောင့်လာမှုနှင့်အတူ နောက်ဆက်တွဲ ရိုက်ခတ်မှုအဖြစ် ပေါ်ထွက်လာသည့် အမှန်တရားက ခမ်းနားကို သေလုမတတ် နာကျင်စေခဲ့ပြန်သည်။

ဘိုးဘိုးကြီး ထားခဲ့သည်ဆိုသော သေတမ်းစာထဲတွင် ဦးစိုးထွဋ်တို့ကို ပေးလိုက်ရသည့် ဘီလီယံချီသော ငွေပမာဏကိစ္စနှင့်၊ သူကိုယ်တိုင် စနိုးကို မဖြစ်မနေ လက်ထပ်ရမည်ဆိုသည့် အကြောင်းအရာအားလုံးသည်... ဘိုးဘိုးကြီး သတိမေ့မြောမသေဆုံးမီ အချိန်လေးတွင် ဦးစိုးထွဋ်က တစ်ဖက်လှည့်ဖြင့် ဘိုးဘိုးကြီး၏ လက်ဗွေကို အတင်းအဓမ္မ ရယူကာ လိမ်ညာလှည့်ဖြား ရေးသားခဲ့ခြင်းသာ ဖြစ်သည်။

"ခွပ်...!! ဝုန်း!!"

ခမ်းနား နံရံကို လက်သီးဖြင့် အရှိန်ကုန် လွှဲထုပစ်လိုက်မိသည်။ လက်ဆစ်များဆီမှ သွေးများ စီးကျလာသော်လည်း ရင်ထဲက နာကျင်မှုနှင့် ယှဉ်လျှင် ဘာမှမဟုတ်တော့။

ယူကြုံးမရဖြစ်ခြင်း၊ ဒေါသထွက်ခြင်းနှင့်အတူ မိမိကိုယ်မိမိ လုံးဝအသုံးမကျသည့်ကောင် ဟူသော ခံစားချက်က ရင်ဝကို အကြိမ်ကြိမ် လာစောင့်ကန်နေသလိုပင်။ ဘိုးဘိုးကြီးကို သတ်သွားသည့် လူသတ်သမားကိုမှ မိမိက ကျေးဇူးရှင်လို ဆက်ဆံခဲ့မိပြီး၊ ထိုလူယုတ်မာ ဖန်တီးခဲ့သည့် လိမ်လည်မှု သေတမ်းစာနောက်မှာ ကကြိုးရုပ်တစ်ခုလို ကခဲ့ရသည် မဟုတ်ပါလား။ ထိုအမှားများကြောင့်ပင် သူ အသက်ထက်ချစ်ရသည့် မိန်းကလေးကိုပါ လက်လွှတ် ဆုံးရှုံးခဲ့ရသည်။

"ငါက... ဘာလို့ ဒီလောက်တောင် အသုံးမကျရတာလဲ... ဘာလို့လဲ!!"

ခမ်းနား အမှောင်ထုထဲတွင် ဒူးထောက်ကျသွားရင်း ဆံပင်များကို ဆွဲဖွကာ ရင်နင့်စွာ အော်ဟစ်မိတော့သည်။ မျက်ရည်များက အထိန်းအကွပ်မဲ့ စီးကျလာပြီး သူ့ဘဝတစ်ခုလုံး လမ်းပျောက်ကာ ရေစုန်မျှောမိမတတ် ကြေကွဲဝမ်းနည်းမှု လှိုင်းလုံးကြီးအောက်တွင် အလူးအလဲ ခံစားနေရပါတော့သည်။

🍀🍀🍀🍀

ထိုနေ့က စတင်ကာ ယမုံက ကတိအတိုင်း စနေ၊ တနင်္ဂနွေ ရက်များတွင် အန်တီမာလာခင်တို့အိမ်သို့ သွားရောက်ကာ သတိုးလေးကို အချိန်ပေး ပြုစုစောင့်ရှောက်ဖြစ်ခဲ့သည်။

ခမ်းနားတစ်ယောက် အင်္ဂလန်သို့ အရေးကြီးကိစ္စဖြင့် ထွက်ခွာသွားသည်ဟူသော သတင်းကို ကြားသိရသည့်အတွက် ယမုံ့စိတ်ထဲ အနည်းငယ်တော့ နေလို့အဆင်ပြေသွားရသည်။ ထိုလူနှင့် ထိပ်တိုက်မတွေ့ရလေ မိမိအတွက် ရင်ဆိုင်ရသက်သာလေမို့ ကလေးငယ်ကိုသာ စိတ်အေးလက်အေး မေတ္တာပေးနိုင်ခဲ့သည်။

သို့သော်လည်း... နောက်နှစ်ရက်ခန့်အကြာ ခမ်းနား အိမ်သို့ ပြန်ရောက်လာသည့်အချိန်တွင်တော့ ယမုံ့၏ ထင်မှတ်ချက်များအားလုံး ပြောင်းပြန်လှန်ခြင်း ခံလိုက်ရတော့သည်။

အမြဲတမ်း စမတ်ကျကျ၊ ချောမောမှုအပေါင်းနှင့် ခညောင်းနေတတ်သည့် ခမ်းနားသွင်ပြင်က လုံးဝဥဿုံ ပျောက်ကွယ်နေခဲ့ပြီ။ စိတ်ဓာတ်များ အောက်ခြေအထိ ကျဆင်းနေပြီး လောကကြီးကို အရှုံးပေးလိုက်ရသည့် အရုံးသမားတစ်ယောက်ကဲ့သို့ မျက်နှာပေးဖြင့် အိမ်ထဲသို့ ယိုင်တိုင်တိုင် ဝင်ရောက်လာခဲ့သည်။ အိမ်အကူအချို့ပင် ဘာလုပ်ရမှန်းမသိ ငေးကြည့်နေရလောက်အောင် ခမ်းနား၏ ပုံစံက ပျက်ယွင်းနေခဲ့ခြင်း ဖြစ်သည်။

ထိုသို့သော ပုံစံဖြင့် ဧည့်ခန်းထဲတွင် ယမုံနှင့် ထိပ်တိုက်တွေ့ဆုံမိသည့်အခါ...

ခမ်းနား၏ မျက်ဝန်းအစုံက အဓိပ္ပါယ်များစွာ သက်ရောက်နေခဲ့သည်။ ထိုမျက်ဝန်းနက်များထဲတွင် ဆွေးမြေ့နေမှု၊ နောင်တရနေမှုနှင့် နာကျင်မှုများက အတိုင်းအဆမရှိ စီးမျောနေကာ လုံးဝကို ခမ်းနားသွင်ပြင်ဟူသော ထက်မြက်သည့် ယောက်ျား၏ သွင်ပြင်မျိုး မဟုတ်တော့ပေ။

'သူ... သူ ဘာဖြစ်လို့များပါလိမ့်...'

နဂိုက တွန်းလှန်ထားခဲ့သည့် စိုးရိမ်စိတ်ကလေးက ယမုံ့မသိစိတ်ထဲသို့ ဖျတ်ခနဲ ဝင်ရောက်လာခဲ့သည်။ သို့သော်လည်း အတိတ်က ဒဏ်ရာဟောင်းများက ယမုံ့ကို သတိပေးတားမြစ်လိုက်သဖြင့် ချက်ချင်းပင် ထိုစိုးရိမ်စိတ်ကို ဖျောက်ပစ်ကာ ဘာမှမပတ်သက်သလို ဥပေက္ခာပြုလျက် အကြည့်လွှဲကာ ဝေးဝေးက ရှောင်ဖယ်နေလိုက်ပါတော့သည်။

ခမ်းနားကတော့ ဘိုးဘိုးကြီး သေဆုံးခဲ့ရသည့် အမှန်တရားကို သိရှိသွားပြီးနောက် မိမိကိုယ်မိမိ အမှောင်ချပစ်လိုက်သည်။ အရက်ပုလင်းများကိုသာ ဆွဲကိုင်ရင်း အခန်းအပြင်သို့ လုံးဝမထွက်ဘဲ နှစ်ရက်တိတိ အရက်နှင့်သာ အဖော်ပြုနေခဲ့တော့သည်။ အခန်းထဲမှ ထွက်ပေါ်လာသည့် ဖန်ခွက်ကွဲသံများနှင့် နာကျင်စွာ အော်ဟစ်ညည်းတွားသံများကြောင့် တစ်အိမ်လုံး ခြောက်ခြားနေရသည်။

"သားရယ်... အမေ့ကို သနားပါဦး... သား ကိုယ့်ကိုယ်ကိုယ် ဒီလို နှိပ်စက်နေလို့ ဘာထူးမှာလဲ... အရက်တွေ မသောက်ပါနဲ့တော့ သားရယ်..."

အန်တီမာလာခင်မှာ အခန်းတံခါးကို အပြင်ကနေ ထုရိုက်ရင်း သားဖြစ်သူကို အငိုမျက်လုံး၊ အငိုမျက်နှာဖြင့် အော်ဟစ်တားမြစ်နေရှာသည်။ မိမိရင်ထဲက မွေးထုတ်ထားရသည့် ရင်နှစ်သည်းချာ သားတစ်ယောက်လုံး၏ ကြေကွဲစို့နင့်စရာ ပျက်စီးယိုယွင်းမှုကို ကြည့်ကာ အန်တီမာလာခင်တစ်ယောက် မိခင်ရင်ဝယ် မီးစနှင့်ထိုးသကဲ့သို့ ရင်ကွဲမတတ် ငိုကြွေးရင်း တားမြစ်နေမိပါတော့သည်။

« ရှေ့အခန်း - အပိုင်း(၂၈) နောက်အခန်း - ​အပိုင်း(၃၀) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ