Bububai ဝတ္ထု အချစ်ဦး ပုံပြင် အခန်းစာရင်း

အပိုင်း(၁၁)

ယမုံ ပိုက်ဆံ အိတ်နဲ့ကား‌သော့ကို ဆွဲယူလိုက်ပြီးသည်နှင့် ကေသာနှင့် ငုဝါကို ပန်းအော်ဒါ အတွက် မှာခဲ့ကာ သူမ ဆေးရုံသို့ ထွက်လာခဲ့လိုက်သည်၊

ဘာတွေက ဘယ်လို ဖြစ်ကုန်တာလဲ?

ဖုန်းထဲက ကြားလိုက်ရတဲ့ ခမ်းနားရဲ့ အသံရယ် ၊ဒေါသံရောပြီး သူမနဲ့ ခမ်းနားရဲ့ ပက်သက်ခဲ့မှုက်ု သိသွားလို့ လင်မယားခြင်း ပြဿနာ ဖြစ်ကြတာလား

ကားမောင်းနေရင်း ယမုံ ခေါင်းထဲ အတွေးမျိုးစုံဖြတ်ပြေးသွားရသည်၊

ဒါပေမယ့်လည်း ယမုံ လိပ်ပြာလုံပါတယ် ခမ်းနားက ယမုံကို မချစ်ခဲ့လို့သာ လွယ်လွယ်ထားခဲ့နိုင်ပြီး သူချစ်မြတ်နိူးတဲ့ မိန်းကလေးကို လက်ထပ်ခဲ့တာလေ

ယမုံ အခုချိန်မှာ ခြောက်နှစ်တာလုံး သစ္စာမပျက် ချစ်ခဲ့ရသူမို့ ချက်ချင်းကြီး မေ့ပစ်ဖို့ မလွယ်ကူပေမယ့် ကိုယ့်ညီမ ခင်ပွန်းသည် ဖြစ်သွားပြီး ဖြစ်တဲ့ ခမ်းနားသွင်ပြင် နဲ့ ဘာပက်သက်မှုမှ မရှိတော့ဘူးဆိုတာကိုပဲ.

ကားလေးက ဆေးရုံဝန်းထဲ ရောက်လာပြီးမို့ကားပါကင်ထိုးလိုက်ကာ ယမုံ ကားပေါ်က ဆင်းပြီး ဖေဖေ ပြောတဲ့ ခွဲစိတ်ခန်းရှေ့ မြန်မြန် လျှောက်လာခဲ့လိုက်သည်၊

ခပ်မြန်မြန် လျှောက်လာရင်း ငါးမိနစ်ခန့်မျှကြာတော့ ခွဲစိတ်ခန်းရှေ့ က ထိုင်ခုံမှာ ထိုင်နေကြသော ဖေဖေရယ် ခမ်းနားရယ် ခမ်းနား အမေ ဒေါ်မာလာခင်ရယ်ကို ယမုံ တွေ့လိုက်ရသည်၊

ခပ်သွက်သွက် လျှောက်လာရင်း ဖေဖေ့ အနားရောက်တော့ ယမုံ ဝင်ထိုင်လိုက်ရင်း..

"ဖေဖေ"

ယမုံအသံကြားတော့ ဖေဖေက လှည့်ကြည့်လာသလို ခမ်းနားနဲ့ အန်တီမာလာခင်က ပါ လှည့်ကြည့်လာသည်၊ယမုံ ခမ်းနားတို့ သားမိကို မသိဟန်ဆောင်လိုက်ပြီး ဖေဖေ လက်ကို ‌ဆုပ်ကိုင်လိုက်တော့

မျက်နှာ မကောင်းသည့် ဖေဖေက မျက်ရည်အဝိုင်းသားဖြင့် ယမုံကို အားကိုးတကြီး ကြည့်လိုက်ပြီး

"သမီး သမီးငယ်လေး အခုထိ ခွဲစိတ်ခန်းက ပြန်မထွက်လာသေးဘူးကွယ် ဖေဖေ စိတ်ပူလိုက်တာ အရင်ကတည်း နှလုံးရောဂါ အခံက ရှိနေတာမို့.."

ဖေဖေ ဆက်မပြောခင် ယမုံ ဖေဖေ့လက်ကို အသာပုတ်ပြီး အားပေးလိုက်ကာ

"အဆင်ပြေမှာပါ ဖေဖေရယ် ဆရာဝန်တွေလဲ အကောင်းဆုံး ကြိုးစားပေးမှာပါ ယမုံတို့လည်း စနိုးအတွက် ဆုတောင်းပေးကြရအောင်လေ"

ယမုံ့ စကားကို ဖေဖေက ငိုရင်း ခေါင်းညိတ်ပြလေသည်၊ မကြည့်ပါသော်လည်း မျက်ဝန်းထောင့်က မြင်နေရသည့် ခမ်းနားရဲ့ ခေါင်းငိုက်စိုက်ချထားတဲ့ ပုံရိပ်ကို အမြင်နဲ့ ခန့်မှန်းကြည့်ရရင် သူလည်း စနိုးကို အတော် စိုးရိမ်စိတ်ပူနေမှာပဲလေ

ခဏကြာတော့ ခွဲစိတ်ခန်းထဲက နပ်စ်မ တစ်ယောက်နဲ့ ဆရာဝန်တစ်ယောက် ထွက်လာပြီး

"လူနာ နှင်းပွင့်ဖြူရဲ့ အိပ်ထိန်းသူတွေရှိလားခင်ဗျ"

အသံကြားသည်နှင့် ခမ်းနားနဲ့ အတူ ဦးစိုးထွဋ် ပါ အတူထလိုက်ပြီး ခမ်းနားက

"ရှိပါတယ် ကျွန်တော်က နှင်းပွင့်ဖြူရဲ့ အမျိုးသားပါ "

အဲ့ဒီစကားလုံးက အမှန်တရားဆိုပေမယ့် ကြားမိတိုင်း ယမုံ ရင်ထဲ နာကျင်မိတာတော့အမှန်ပါ

ယမုံ ခေါင်းခါထုတ် ပစ်လိုက်ပြီး ဆရာဝန်ပြောလာမည့် စကားကို နားထောင် နေလိုက်သည်၊

"လူနာက သွေးအရမ်းသွန်နေလို့ အရေးပေါ်သွေးလိုအပ်တယ် AB သွေး အမြန်ရှာပေးပါ ကျွန်တော်တို့ သွေးဘဏ်မှာလည်း AB သွေးအမျိုးအစားက ကုန်နေလို့ပါ ခင်ဗျ"

ခမ်းနား ခေါင်းညိတ်ပြလိုက်ပြီး

"ဟုတ်ကဲ့ ဒေါက်တာ ကျွန်တော် အခုချက်ချင်းပဲရှာလိုက်ပါ့မယ် "

ပြောပြီးဘောင်းဘီ အိတ်ထဲက ဖုန်းကို ထုတ်ယူလိုက်သည်၊

"ကျွန်မက AB သွေးပါ ဒေါက်တာ ကျွန်မ သွေးပေးပါမယ်"

ဟင် ယမုံ

သမီးကြီး

အာမေဋိတ် သံတွေ တိုးသဲ့သဲ့ ထွက်ပေါ်လာခဲ့ကြသည်၊

ဆရာဝန်က တော့ ယမုံ သွေးပေးမယ် ဆိုတော့ ခေါင်းညိတ်ပြလိုက်ပြီး လိုအပ်တာ ပြုလုပ်ရန် ဘေးက နပ်စ်မကို မှာကြားလိုက်ရင်း ခွဲစိတ်ခန်းထဲ ပြန်ဝင်သွားခဲ့သည်၊

"ယမုံ ကိုယ်အပြင်က သွေးရှာလိုက်ပါ့မယ် မင်း .."

ခပ်စိမ်းစိမ်းကြည့်လာတဲ့ ယမုံ့ရဲ့ မျက်လုံးတွေအောက် ခမ်းနားစကားလုံးတွေ ပျောက်ရှ ကုန်ရသည်၊

ဦးစိုးထွဋ်က တော့ ခမ်းနားနဲ့ ယမုံကို နားမလည်သလို ကြည့်နေရင်း ယမုံ့ အနား သို့ လျှောက်လာကာ

"သမီးကြီး အဆင်ပြေပါ့မလားကွယ် သမီးခန္ဓာက်ုယ်က နဂိုကမှ ခပ်သေးသေးရယ် သွေးလှုလို့ သမီးကြီး တစ်ခုခု ဖြစ်ရင်.."

"ဖေဖေ ယမုံက ကျန်းမာပြီးသားပါ စနိုးက အသက်လုနေရတဲ့ အခြေနေမို့ကျန်တာ တွေကို မတွေးပါနဲ့ "

ပြောရင်း ယမုံက ရှေ့က သူနာပြု မလေးနောက် လိုက်သွားခဲ့လေသည်၊

စနိုးက သူ့ရင်သွေးကို လွယ်ပေးထားတဲ့ မိန်းကလေးမို့ သူ မချစ်ခဲ့ရင်တောင် စိတ်ပူမိတာတော့ အမှန်ပါ

ဒါပေမယ့် ယမုံကို သူစိတ်ပူမိသည် သူမတစ်ခုခု ဖြစ်မှာကို သူသိပ်ကြောက်မိတာက အမှန်တရားတစ်ခုပါ!သို့သော် သူ့မှာ တားပိုင်ခွင့်မှ မရှိတော့တာ။

🍂🍂🍂🍂🍂🍂

တစ်နာရီလောက်အကြာမှာ ခွဲခန်းထဲက ဆရာဝန်တွေနဲ့ သူနာပြုအကူတွေ ထွက်လာပြီး သူနာပြု တစိယောက် လက်ထဲမှာ ပွေ့ပိုက်လာတဲ့ အနှီးထုတ် ဖြူဖြူလေးထဲက နီတာရဲ ကလေးလေး‌ကို ခမ်းနားလှမ်းမြင်လိုက်ရသည်မို့ အမြန် ပြေးသွားလိုက်ရင်း

"ဒေါက်တာ .."

ဆရာဝန်က မျက်နှာ မကောင်းစွာဖြင့်ခမ်းနားကို ကြည့်လိုက်ရင်း

"စိတ်မကောင်းပါဘူး ဗျာ ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် လူနာရဲ့ နှလုံးအခြေနေက အတော်ဆိုးဝါး တာမို့ ကလေးကိုပဲ ကယ်လိုက်နိူင်တယ် မိခင်ကိုတော့ ဘယ်လိုမှ မကယ်လိုက်နိုင်ဘူးဖြစ်သွားတယ်"

ဗျာ.

ခမ်းနား တိတ်ဆိတ်သွားရင်း ငြိမ်သက်သွားမိသည်၊ဦးစိုးထွဋ် သမီးငယ်ရဲ့ သတင်းကို ကြားကြားချင်း ခြေမခိုင်ပဲ ထိုင်ခုံထက် ပြိုလဲကျမိသည်၊

သနားစရာကလေး မွေးရာပါ ရောဂါသည်လေးမို့ ငယ်ငယ်ကတည်းက ဒီအဖေက သူမဖြစ်ချင်တာ မှန်သမျှ မဖြစ်ဖြစ်အောင် အကုန် လုပ်ပေးခဲ့တယ်

ခမ်းနားကို စတွေ့တွေ့ချင်း သမီးငယ်က ရူးသွပ်ခဲ့တာမို့ ဖခင်တစ်ယောက် အနေနဲ့ မဖြစ်ဖြစ် အောင် သမီးငယ် သဘော အတိုင်း စီစဉ် ပေးခဲ့တယ်

ဒီအမှန်တရားတွေကိုတော့ သမီးငယ် အတွက် ဘယ်သူမှ မသိအောင် သူထာဝရ သိမ်းဆည်းထားခဲ့တာမို့။

ဦးစိုးထွဋ် သမီးငယ် အတွက် ဖြေမဆည်နိုင်ပဲ ရင်ဘက်ဖိ ငိုကြွေးနေမိရင်း အမြင်အာရုံတွေ ဝေဝါးလာရသည်၊

ယမုံကတော့ သွေးလှုထားတာမို့ နားခန်းထဲက ထွက်မလာသေးပေ၊မေမေက တော့ သူနာပြု လက်ထဲက ကလေးလေးကို ပြေးပွေ့ထိုက်ထားရင်း

"ကလေးရယ်မင်း ကံဆိုးလိုက်တာကွယ် "

ခမ်းနား အနှီးထုတ် ဖြူဖြူလေးထဲက ကလေးကို ကြည့်ပြီး သက်ပြင်းအကြိမ်ကြိမ်ချမိသည်၊

မင်း စိတ်ချပါ စနိုးရယ် ကလေးကို ကိုယ် အကောင်းဆုံး ပြုစုပျိုးထောင် စောင့်ရှောက်ပါ့မယ် ငြိမ်းချမ်းတဲ့ ဘဝသစ်မှာ မင်းအနာရောဂါ ရှင်းရှင်းနဲ့ ဘဝအသစ် တစ်ခု ပြန်စနိုင်ပါစေ

စိတ်ထဲက စနိုးအတွက် သူဆုတောင်းပေးနေမိသည်၊ယမုံ သိသွားရင် သူ့ညီမအတွက် စိတ်ထိခိုက်မှာ အသေအချာပင်၊

ဦးစိုးထွဋ်က တော့ သူသိပ်ချစ်တဲ့ သမီးအတွက် သောကအပူမီးဝိုင်းနေရသခို သူလဲ စနိုးအတွက် အတော် စိတ်မကောင်း ဖြစ်ခဲ့ရပေသည်၊

🌷🌷🌷🌷

တပတ်တဲ့ အချိန်တွေက မြန်လိုက်တာ စနိုးရက်လည်တဲ့နေ့ပဲ ထားခဲ့တဲ့ သားငယ်လေး သတိုးသွင်ပြင်က လည်း မိခင်လို့ မွေးရာပါ နှလုံးရောဂါ ပါသတဲ့လား ယမုံ သက်ပြင်းချလိုက်ရင်း

နေ့လည် တရားနာပြီးလို့ အိမ်ပြန်ဖို့ ကားသော့ယူလိုက်စဉ် ချော့မရအောင် ငိုနေတဲ့ ကလေးသံကြောင့် ယမုံ ခြေလှမ်းတွေ ရပ်တန့်သွားရသည်

ကလေးထိန်းသူနာပြုနှစ်ယောက်ငှားထားပေးသည်တဲ့ ဖေဖေပြောတာ တော့ ကလေးက ဘာ့ကြောင့် ဒီလောက် အသည်းအသန် ငိုနေပါလိမ့်

ပြန်မလို့ ခြေလှမ်းပြင်နေရင်း အပြေးဆင်းလာတဲ့ သူနာပြုမလေး‌ကို ယမုံ မြင်လိုက်ရသည်မို့

"ညီမ ကလေးက ဘာဖြစ်လို့လဲဟင်"

သူနာပြုမလေးက စိတ်ညစ်ဟန်ဖြင့်

"မသိပါဘူး မမရယ် နို့ဘူးတိုက်လည်း မဟုတ်ဘူး အရမ်းကို အသည်းအသန် ငိုနေတာ အဲ့ဒါ ကလေးအဖေကို သွားခေါ်မလို့ ညီမ ဆင်းလာတာ "

ပြောရင်း သူနာပြုမလေးက ခမ်းနား လူကြီးတွေနဲ့ စကားပြောတဲ့ အနားကို ထွက်သွားတာကို တွေ့လိုက်ရသည်မို့ ယမုံ မနေသာတော့ဘဲ ကလေးထားတဲ့အခန်းထဲ တက်လာခဲ့လိုက်သည်၊

ဘယ်လောက်ပဲ ခမ်းနားနဲ့ မပက်သက်ခြင်ဘူး ပြောပြော ကလေးက ယမုံတူလေး စနိုးရဲ့ သားလေး မဟုတ်လား ပြီးတော့ စနိုးသေဆုံးတဲ့ ကိစ္စနဲ့ ပက်သက်ပြီး ဖေဖေက အိပ်ယာထဲ လာသွားတာ အခုထိ စိတ်ထိခိုက်နေတုန်းပဲ မဟုတ်လား

ယမုံလှေကားအတိုင်း တက်သွားခဲ့ပြီး အခန်းတစ်ခုရှေ့ ရောက်တော့သူနာပြုတစ်ယောက် လက်ထဲကနေ ကော့လန်ထိုးပြီး ငိုနေတဲ့ ကလေးအနားကို ယမုံ သွားလိုက်ပြီး

"ဆရာမ ကျွန်မ ကို ကလေးပေးကြည့်ပါနော် ကျွန်မ ချော့ကြည့်မယ်"

"ဟုတ်ကဲ့ အစ်မ "

သူနာပြုက ယမုံလက်ထဲ ကလေးကို ထည့်ပေးလိုက်တော့ ရက်သား ကလေးငယ်လေးက ငိုတဲ့ အရှိန် တဖြေးဖြေး လျှော့လာပြီး မောသွားဟန် ရှိသည်မို့ ဆရာမ လက်ထဲက နို့ဘူးလေးကို ယမုံ ယူလိုက်ပြီး

ကလေးပါးစပ်နားတပ်ပေးလိုက်တော့ ငြိမ်သက်စွာ နို့ဘူးလေးသောက်နေတဲ့ ကလေးလေးကြောင့်

ယမုံ သနားစိတ် ဝင်လာခဲ့ရသည်

'သနားစရာကလေး လူ့လောက စရောက်ကတည်းက အမေ့မျက်နှာ ကို မမြင်လိုက်ရတဲ့ ကလေး အမေ့ရဲ့ အမွေက်ု ဆက်ခံပြီး နှလုံးရောဂါက ပါလာသေးသတဲ့လားကွယ်'

သူမ လက်ထဲ ညိမ်လျက် နို့ဘူးလေး သောက်နေတဲ့ ကလေးလေးကြောင့် ယမုံ မျက်ရည်ဝဲမိသည်၊

« ရှေ့အခန်း - အပိုင်း(၁၀) နောက်အခန်း - အပိုင်း(၁၂) »

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ