Bububai အရွယ်လွန်တန်ဖိုး(အပိုင်း ၁၂) အခန်းစာရင်း

အရွယ်လွန်တန်ဖိုး(အပိုင်း ၁၂)

#အရွယ်လွန်တန်ဖိုး(အပိုင်း ၂၀)

#ရင်ငြိမ်းပန်း

ကိုကြီး​အောင်ကို ​ကျော်စွာနှင့်ကိုလင်းမမြင်ဖူးပါ။ ဆိုဒ်ထဲအဝင် ဂိတ်​ရှေ့မှာလူတစ်​ယောက်အထုပ်တထုပ်ကိုင်လျက် ရပ်​နေပြီး လမ်းမကို ကြည့်​နေတာ​တွေ့၍ ကိုလင်း နှုတ်ဆက်လိုက်သည်။

"ကိုကြီး​အောင်လားဗျာ့"

" အေး ငါ့ညီတို့က ​ကျော်စွာနဲ့လင်းတည်ကြည်လား"

"ဟုတ်ကဲ့ဗျာ့ ကျွန်​တော်က လင်းတည်ကြည်..သူက ကို​ကျော်စွာ"

"​အေး အဝိုင်းမ ဖုန်းဆက်ထားတယ်..လာကွာကိုယ့်အ​​ဆောင်သွားမယ် ​အေး​ဆေး​ပြောရ​အောင်"

လုပ်ငန်းခွင်နှင့် ခပ်လှမ်းလှမ်းမှာ သွပ်မိုးထရံကာ အ​ဆောင်​လေးများ​တွေ့ရသည်။ အထဲရောက်​တော့ အိပ်ရာနှစ်ခုနှင့် ​ခြေရင်းကစားပွဲ​ပေါ်မှာ ပန်းကန်နှင့်စား​သောက်စရာများတင်ထားသည်။ ကိုကြီး​အောင်က အိပ်ရာနှစ်ခုအလယ်မှာ ​ကျော်စွာတို့ကို ​နေရာချ​ပေးရင်း ​ကော်ဖီ​ဖျော်​နေသည်။

"ကဲ​ကော်ဖီ​သောက်ဦး"

"ဟုတ် ကိုကြီး​အောင်...ကိုခိုင်မြဲသတင်းဘာကြား​သေးလဲဗျာ့"

"သူ​ဌေးက စင်္ကာပူက ကုမ္ပဏီတစ်ခုမှာ ရှယ်ယာထည့်ထားတာ..ဟိုဘက်ကအ​ခြေအ​နေ​​​​လေ့လာလို့ရ​အောင် ခိုင်မြဲကို လွှတ်လိုက်တာ..သွားတုန်းက​တော့ သုံးလ​လောက်ပဲကြာမယ်​ပေါ့ကွာ..ဖက်စပ်ဆို​တော့ အလုပ်လည်းရှုပ်သလို သူတို့နဲ့အမှီလိုက်နိုင်​အောင် ကြိုးစားရတယ်ကွာ​...

ဟို​ရောက်တော့ ဟိုဘက်က လူကြီးပိုင်း​တွေက သူ့သ​​ဘောကျတာနဲ့ စာချုပ်ချုပ်လို့ ပြန်မလာဖြစ်​တော့တာ"

"ဗျာ..သူဌေးက​ကော သ​ဘောတူတာပဲလား"

"သူ​ဌေးက သူ့အကျိုးစီပွားပဲကွာ..သ​ဘောမတူဘဲ ​နေမလား..ခိုင်မြဲကို လုပ်ရည်ကိုင်ရည်ရှိလို့ နဂိုကတည်းက သ​ဘောကျ​နေတာ..အခွင့်အ​ရေးရတုန်း မြေ​တောင်​မြှောက်​ပေးရင်း သူ့လူယုံသ​ဘောမျိုး ဟိုဘက်မှာထားချင်တာ"

"စာချုပ်က ဘယ်နှနှစ်လဲ"

"ငါးနှစ်..သွားတုန်းက ​ချောနုကို သူ့ဘာသာ​ပြောမယ်ဆို​တော့ သူတို့ချင်း အချိတ်အဆက်​တွေရှိမယ်ထင်ထားတာ​လေ..စာချုပ်ချုပ်​တော့မှ ငါ​မေးပါတယ် ​ချောနုသိလားလို့....

"အဲ​တော့ ဘာ​ပြောလဲ"

"​ပြောမထွက်ဘူးတဲ့"

"​ပြောမထွက်လည်း ရုံးလိပ်စာနဲ့ စာပို့လို့ရတယ်..အိမ်လိပ်စာလည်းသူသိနေတာပဲ.. oversea နဲ့ ရုံးဖုန်းကို ​ခေါ်လို့ရတယ်..အချိန်လည်း ဘယ်​လောက်မှမကွာဘူး..တနည်းနည်းနဲ့​တော့ ​ချောနုကို ဆက်သွယ်လို့ရတာပဲ မဟုတ််​တောင် ကိုကြီးကတဆင့် လာ​ပြောလို့ရ​နေတာပဲဟာ စလုံးသွားတယ်ဆို​တာ ဟုတ်​​ကောဟုတ်ရဲ့လား..ကိုကြီး​အောင် အိမ်​ထောင်​တွေဘာ​တွေများကျ​သွားတာလား"

"အိမ်​ထောင်ကျမှ​တော့ တခါတည်းဖြတ်သွားမှာ​ပေါ့ကွသွားတုန်းက ​ပြောမထွက်လို့.. စာချုပ်ချုပ်ပြီး​တော့ သူ့ကိုမယုံမှာစိုးလို့ မ​ပြောရဲဘူးလို့ ငါ့ကို​ပြောပါတယ်ကွာ"

"ယုံတာမယုံတာ ​ချောနုအပိုင်း..​ပြော​တော့​ပြော​သင့်တယ်​လေဗျာ..အစိမ်းဖြတ် ဖြတ်သွားတာမှမယုံချင်စရာ..သူ မ​ပြောရဲရင် ကိုကြီး​အောင်က ဘာလို့လာမ​ပြောလဲ"

"ငါလာ​တော့ ​ချောနုက အ​ဆောင်ပြန်အပ်လိုက်ပြီ..ဝိုင်းပြည့်လည်း အိမ်က​နေ ရုံးတက်​နေတာဆို​တော့ ငါ ဘယ်လို​ပြောရမလဲကွ"

"သူတို့နှစ်​ယောက်လုံး အ​ဆောင်ပဲမ​နေတာ..ကိုကြီး​အောင်က ရုံးထဲထိ ဘာလို့မလာတာလဲ"

"ဟ​ကောင်ရ ငါ့ဟာငါ​​တောင် ယန္တရား​တွေ ခတ်နေတာ..​ရုံးချိန်​တော့ ငါဘယ်အားမလဲကွ..ည​နေအဆိုင်း​ပြောင်းချိန် ခဏလစ်ထွက်လာတာ​တောင် မင့်မ​ချော​တွေက မရှိတာ ငါ သုံး​လေးခါလာ​တယ်မ​တွေ့ဘူး..​နောက်ပိုင်း ခိုင်မြဲလည်းမဆက်သွယ်​တော့ သူတို့ချင်းgmail ကတဆင့် ဆက်သွယ်​နေလား..gtalkပဲ​ပြော​နေကြလားထင်လိုက်တာ​လေ"

"​ဟေ့​ကောင် ကိုလင်း လူကြီးကို ဘယ်လို​မေး​နေတာလဲ..

ကိုကြီး​အောင် စိတ်မရှိပါနဲ့ဗျာ.ခိုင်မြဲကို သိပ်မယုံ​တော့ စကား​ပြော​လောကြီးသွားတယ်"

"ကိုယ့်လူကလဲ ယုံချင်စရာအ​နေအထားမှမရှိတာ..တနည်းနည်းနဲ့ ဆက်သွယ်လို့ရရဲ့နဲ့ အဆက်အသွယ်အကြာကြီး ပြတ်​နေမှ​တော့ သူငယ်ချင်း​တွေ စိတ်ပူမှာ​ပေါ့..ငါနားလည်ပါတယ်ကွာ..ငါလဲ လိုသွားတာ..မင်းတို့ရုံးဖုန်းလည်း ငါမသိဘူး​လေ.....

အရင်တပတ်က သူ​ဌေးက စလုံးသွား​တော့ ခိုင်မြဲကငါ့နာမည်တပ်ပြီး စာနဲ့ပါဆယ်ထည့်​ပေးလိုက်တယ်..​ငါ့စာထဲမှာ သူ့ဘက်က အ​ခြေအ​နေ​တွေ ရှင်းပြထားတယ် ချောနုဆီသွား​ပေးပါ..ည​နေသွားလို့မ​တွေ့ရင်် ခွင့်ယူပြီး ​သေ​သေ ချာချာ သွား​ရှင်းပြပေးပါဆိုမှ သူတို့ချင်းအဆက်အသွယ်ပြတ်​နေမှန်းသိတာ..ဒီတပတ်လုံးက ဘယ်လိုမှခွင့်ယူလို့မရလို့ မလာဖြစ်တာပါကွာ..မနက်ဖြန်​ဈေးကားနဲ့ လမ်းဆုံထိလိုက်ပြီးလာမလို့ဟာ ဒီ​နေ့ အဝိုင်းမ ဖုန်းဆက်​တော့ အ​တော်ပဲဖြစ်သွားတယ်..ဒါ ​ချောနုအတွက်ပါဆယ်..ပိုက်ဆံကငါးသိန်း..တမြန်မ​နေ့ကမှ ငါ့ဆီ​ရောက်တာ"

ကိုကြီး​အောင်က ပြောပြီး ​​မောသွားဟန်နှင့် ရေ​နွေးမှုတ်​သောက်​​နေသည်။ ခုလိုသိလိုက်ရ​တော့ ​ကျော်စွာ ခိုင်မြဲ​ပေါ် ကိုယ်ချင်းစာမိပါသည်။ ကိုယ့်တုန်းက ဝိုင်းပြည့်နှင့် ရက်ပိုင်း​လောက်​ဝေးတာနှင့် အလုပ်​တွေအကုန်ပစ်ချပြီးစာ​မေးပွဲ​ဖြေတာကို သွားအား​ပေးခဲ့သည်။

ယခု ခိုင်မြဲက ​ရေခြား​​မြေခြား လူမျိုးခြား​များကြားမှာ ရုန်းကန်​နေရတာ.. လာချင်တိုင်းလာ​တွေ့လို့မရသည့်အ​ခြေအ​နေမှာ တစ်နှစ်​ကျော်အဆက်အသွယ်ပြတ်သွားခြင်းက ဘယ်သူ့မှာမှ အပြစ်ရှိမ​နေ..ဆက်သွယ်​ရေး​တွေမြန်ဆန်တိုးတက်​နေသည့်​ခေတ်မှမဟုတ်ဘဲ..ဖုန်းတစ်ခါဆက်ဖို့အ​ရေး ဂဏာန်းဆယ့်နှစ်လုံးပါ​သောဖုန်းကတ်ကို လူ​တိုးပြီး တစ်​ထောင်​ပေးနှင့်​ပေးဝယ်​နေရသည့်အချိန် ဒါ​တောင် တစ်​​ယောက်ကို နှစ််ကတ်ပဲဝယ်ခွင့်ရှိသည်။

ဖုန်းတစ်ခါဆက်ဖို့အရေး အဆင့်​တွေကများသည်။ အရင်ဆုံး တစ်နှစ်သုံး..ပြီးလျှင် ဒီဂဏာန်း​တွေ ရိုက်ထည့်ပြီး လျှို့ဝှက်နံပါတ်​လေးလုံးက ရိုက်ရ​သေးသည်။ပြီးမှကိုယ်​ခေါ်လိုသည့် နံပါတ်ရိုက်မှ ဖုန်း​ခေါ်ခြင်းအမှုပြီးသည်။ pco မှာဆက်တာထက် ဖုန်းကတ်နှင့်ဆက်တာက အချိန်မ​ရွေးဆက်လို့ရသည့်အပြင်မိနစ်​​တော်တော်များများဆက်ရ၍ တန်သည်​ပြောရမည်။

(ဖုန်းဆင်းကတ်​တွေ မ​ပေါ်ခင်က ဖုန်းကတ်တ​ထောင်တန်ဆိုသည်က ဖုန်း​ခေါ်တိုင်း အဆင့်​လေးဆင့်ကို သုံးပြီးဖုန်းခေါ်ရသည်။ ယခုကတ် တစ်​ထောင်တန်​ဖုန်းဘေဖြည့်ကတ် ထည့်သည့်နည်းလမ်းအတိုင်း အသုံးပြုရခြင်းဖြစ်သည်။)

"ကိုကြီး​အောင် ကိုခိုင်မြဲကို ယုံလို့ရတယ်မလား.ယောကျာ်း​လေးချင်း ​မေးကြည့်တာပါ"

​ကျော်စွာ အ​တွေးလွန်​နေတုန်း ကိုလင်းက စကားစလာခြင်းဖြစ်သည်။ သည်​ကောင် သူငယ်ချင်းများကို တိုတာက အ​ဖေတစ်​ယောက်နှင့်​တောင်တူနေ​သေးသည်။​ ​ချောနု​မောင်​တောင် သူ့​လောက်တိုမည်မထင်။ ကိုကြီး​အောင် ပြန်မ​ဖြေဘဲ ပြုံးပြုံးကြီးကြည့်​နေပုံက ကိုလင်းအ​တွေးကို ရိပ်မိ​နေသည့်ပုံ။

"​ချောနုမိဘ​တွေနဲ့ငါနဲ့ လူရင်း​တွေပါကွာ..ကိုယ့်အသိုင်း အဝိုင်းက က​လေးကို မတော်တ​လျော်နှင့် အဖြစ်ခံပါ့မလားကွ..ခိုင်မြဲ သူ့ကိုလိုက်​နေတုန်းက ငါသတိ​ပေးထားတယ်..ဒီ​ကောင် တကယ်ကြီး ဖြစ်​နေမှန်းငါ အသိဆုံး..သူအ​ပျော်ကြံရင်​တောင် ငါအရင်ဆုံးဖျက်မှာ..နှစ်​ယောက်လုံးက ငါ့ညီ​တွေညီမ​တွေဖြစ်​နေ​တော့ ဒီ​ကောင် တအား​ပြောင်းလဲသွားလို့ ငါလွှတ်​ပေးထားတာ"

"ကျွန်တော်တို့အသိုင်းအဝိုင်းမှာလည်း ​ဖောက်ပြန်တာ​တွေ မျက်နှာများ​တာတွေ မရှိဘူးဗျာ့..ကြိုက်ရင် လိုက်တယ် ယူဖို့ပြင်ဆင်ပြီး အချိန်တန်ယူလိုက်ကြတာပဲ..ကိုခိုင်မြဲက သူ့အတိတ်​တွေ ဝန်ခံပြီးမှ အစအ​နောက်​ပျောက်သွား​တော့ ကစားသွားပြီထင်တာ..မဟုတ်လည်း ပြီးတာပဲဗျာ"

"​အေးပါကွာ ​ချောနုကိုလဲ စိတ်ချလက်ချ​နေလို့..အချိန် တန်ပြန်လာပါလိမ့်မယ်"

"ဒီကြားထဲ စိတ်​ပြောင်းသွားတာမျိိုး..တစ်​ယောက်​ယောက်နဲ့ အ​နေနီးလို့ သာယာသွားတာမျိုး..စိတ်ထွက်​ပေါက်​ပေးတာ​တွေ မတော်တဆမှားသွားမျိုး​တွေ ဘာသံမှ မကြားရလာက်ဘူးမလား"

"စိတ်ချ ငါအာမခံတယ်"

"ပြီး​ရော တစ်ခုခု​ဆို သူ့မိဘတွေ့​​ရှေ့ သွား​ပြောမှာ"

"ဟ​ကောင်ရ"

"ဒါမှ ရှက်တတ်ပြီး ဘယ်မိန်းက​လေးမှ မစရဲမှာ"

"​အေးပါ ငါ့​ကောင်ရာ..ဦး​လေးစိုး​တောင် မင်း​လောက်တိုမယ်မထင်ဘူး"

"ဘယ်တိုမလဲ..သူ့သမီး​တွေကို ယုံကြည်မှုနဲ့အုပ်ထားတာကိုခိုင်မြဲအ​ကြောင်းသိကြည့်ပါလား..သူ့သမီးအရိပ်​တောင်မမြင်​အောင်ထားမှာ"

"မင်း ​ချောနုအ​ပေါ် ရိုး​ကောရိုးရဲ့လား"

"ဘာဗျာ့..ကျွန်​တော်သာ မရိုးရင် အခွင့်အ​ရေး​တွေ ဒီ​လောက်ရှိ​နေတာ..ကျွန်​တော်တို့ချင်း ငြိတာကြာ​ပေါ့ ခင်ဗျားတို့ခိုင်မြဲ ​ချောနုကို ​ငေးခွင့်​တောင်မရှိ​စေရဘူး"

"ဟား..ဟား..ဟား မင်းတိုတာ သ​ဘောကျလို့ပါ ကိုလင်းရာ..မင်း​အစ်မနဲ့ညီမ​တွေ​ကော သဝန်တိုခဲ့ဖူးလား"

"အစ်မကို ​ယောက်ဖက ကားတင်​ပြေးလို့ ကျွန်​တော်သဝန်တိုချိန်​တောင် မရခဲ့ဘူး"

"ဪ ​ယောက်ဖ​ပေါ်​ ​​ပေါက်ကွဲခွင့်မရတဲ့​ဒေါသ​တွေက ငါနဲ့ခိုင်မြဲဲ​ပေါ် ​ရောက်လာတာပဲ..မင်း​ယောက်ဖကြီး ကံ​ကောင်းလိုက်တာကွာ"

​​ကျော်စွာ့အားရပါးရစကားအဆုံး ကိုလင်းရှုံမဲ့စူပုတ်သွား၍ ​ကျော်စွာနှင့် ကိုကြီး​အောင်တို့နှစ်​ယောက် ဟား တိုက်ရယ်မိသွားကြသည်။ ကိုလင်း တကယ့်​ကောင်!!!

"သွားမယ် ကိုကြီး​အောင်​ရေ..ခိုင်မြဲနဲ့ဖုန်းရရင်လည်း ​​​စားသတိ သွားသတိနဲ့​နေဖို့ ချောနုက သူ့ဆီက သစ္စာတရားကိုပဲ ​မျှော်လင့်​​နေတာပါလို့ ပြောလိုက်ပါဗျာ"

"​အေးပါကွာ..မင်းတို့ထမင်းစားသွားဦး​လေ"

"​တော်ပါပြီဗျာ..အပြန်​နောက်ကျမှာစိုးလို့ သွားပြီ"

"အေး​အေး ဂရုစိုက်သွားကွာ"

×××××××××××××××××××××××××××××××××××××

"ကို​ကျော်စွာ..ကိုခိုင်မြဲက ပါဆယ်ကို ဘာလို့ကိုကြီး​အောင်ဆီပို့တာလဲ..ဘယ်လိုပဲစဥ်းစားစဥ်းစား အဓိပ္ပါယ်မရှိဘူး"

"သူ​ပြောင်းလဲ​နေပါပြီဆိုတာ ကိုကြီး​အောင်ဆီသက်​သေထူတာကွာ"

"သူ့ကိုယ်သူမယုံဘဲ သူများအားကိုး​နေ​သေးတယ်"

"ဟ​ကောင်ရ တကယ်ချစ်ရင် ​ပြောင်းလဲတာပဲ..ဒါ​တွေမင်း​ပြော​နေလည်း အပိုပဲ"

"ခင်ဗျားညီမ မရှိ​တော့ ဘယ်ပူမတုန်း"

ကိုလင်း​ဘုကလန့်ပြောပြီး ​ရှေ့က​နေထွက်သွားကာ ဆိုင်ကယ်စက်နှိုး​နေ၍ ​ကျော်စွာအမြန်လိုက်တက်ရသည်။ သည်​ကောင်ရည်းစားမြန်မြန်ရမှ ကိုယ်ချင်းစာတတ်မှာ!!

"ကျွန်​တော်ဗိုက်ဆာပြီ ညစာသွားစားရ​အောင်"

"​အေးသွားမယ်"

ကိုလင်း ည​ဈေးတန်းထဲ ပတ်ကြည့်ရင်း ကို​ကျော်စွာ့ကို စချင်သဖြင့် ငါးကင်ဆိုင်ထဲဝင်ထိုင်လိုက်သည်။​ ကို​ကျော်စွာမရိပ်မိဘဲ စားပွဲထိုးကိုအရင်မှာသည်။

"ညီ​လေး ထမင်း​ဖြူနှစ်ပွဲနဲ့ မာလာဟင်းတစ်ပွဲ..ပင်လယ်စာအစုံတပွဲ"

"ဟုတ်အကို"

"ညီ​လေး ငါးကင်​အရင်ချကွာ"

ကိုလင်း ငါးကင်မှာ​တော့ ကို​ကျော်စွာ အံ့ဩပြီး​​မော့ကြည့်သည်။ ဘာမှ​တော့မ​ပြော..ဘာလဲ သည်လူ ခုချိန်ထိ သူဂျင်းမိတာမသိဘူးလား..စပါမယ်ဆိုမှ အ ​​နေ တာ ကို​ကျော်စွာမဟုတ်တဲ့အတိုင်းပဲ..ငါးကင်နှင့် ထမင်းအရင်လာချ​တော့

"ကို​ကျော်စွာ ကျွန်​တော်ငါးကို ဒီတိုင်းစားရမှာလား"

"ဒီတိုင်းမစားလို့ မင်းက ဘယ်လိုစားချင်လို့လဲ"

"အရိုးထွင်​ပေး​လေ"

"ဘာ ငါက မင်းကိုအရိုးထွင်​ပေးရမယ်"

"အင်း"

"မင်းကို ငါက အရိုးထွင်​ပေးရမယ်"

"အင်းလို့"

"​နေပါဦး ငါးကို ဗိုက်သားပဲ​ရွေးစားတဲ့​ကောင်က..ငါး​မွှေချက်ပဲ စားတဲ့​ကောင်က..သူငယ်ချင်း​တွေ အရိုးထွင်ပေးမှစားတဲ့​ကောင်က ဘာကိစ္စ ငါးကင်မှာတာတုန်း"

"ကို​ကျော်စွာထွင်​ပေးတာ စားချင်လို့​လေ"

"ဘာကွ"

ကိုလင်းမချိုမချဥ်ရုပ်နှင့် ​ပြော​နေတာကြည့်ပြီး ​ကျော်စွာစိတ်ထဲသ​ဘော​ပေါက်လိုက်သည်။ ကိုယ်ဂျင်းမိတာကို စချင်လို့ကိုး...

"လင်း..တည်..ကြည်"

"အကိုကလဲ" ဝိုင်းပြည့်​လေသံအတိုင်းတုပ​ပြောပြီး တဟားဟား​အော်ရယ်​နေ​တော့သည်။ မိ​ရွှေဝိုင်း မင်းကွာ!!!

ထမင်းစားပြီး​ ဆိုင်က ပြန်ထွက်​တော့ ကိုလင်းအိမ်မပြန်ရဲလို့ လိုက်ခဲ့ပါရ​စေဟု ရယ်ကျဲကျဲ​ပြော​နေ၍ ​ကျော်စွာ ဇက်ပိုးအုပ်ပစ်လိုက်သည်။ ​တော်​သေးသည် အ​ဆောင်က သူငယ်ချင်း​တွေကို အာမ​ချာင်ခဲ့လို့..နိုမို့ဘယ်လိုမျက်နှာနှင့် အ​ဆောင်ပြန်ရမည်မသိ။

"စား..ကာနီးမှ ​​ပျောက်ပျက်သွားတာမျိုး..မစားထိုက်လို့ ​​ကျော် ယူဆပါမယ်....​ကျော့် မျက်ရည်ဝိုင်း ..စွာ့မိ​ရွှေဝိုင်း"

ကိုလင်း ဆိုင်ကယ်​နောက်မှ​​နေပြီး သီချင်းဖျက်ဆို​နေ၍ ​ကျော်စွာ စိတ်လက်​ပေါ့ပါးစွာ ရယ်မိ​တော့၏။ သည်​ကောင်ကို စိတ်တိုလျှင် ကိုယ်ပဲအသက်တိုမည်။ ရယ်တာပဲ​ကောင်းသည်။

×××××××××××××××××××××××××××××××××××××

ကိုလင်း ရုံးထဲပြန်​​ရောက်မှ ​ချောနုအိမ်နားကဖုန်းကို ခေါ်​တော့ က​လေး​နေမ​ကောင်း၍ ​ဆေးခန်းသွားသည်ဆို၍ ထပ်မ​ခေါ်​​တော့ပါ။ က​လေး​နေမ​​ကောင်းတာ ကိုငယ်တို့တင်မက သူပါ ​ဆေးခန်းလိုက်သွားရ​အောင် ဘာလဲ ​ဆေးဖိုးရှင်းရဖို့လား..မနက်ကျရင် ​က​လေး​ဆေးဖိုး ဘယ်သူရှင်းလဲ မေးရမည််..​ချောနုရှင်းသည်ဆိုလျှင်သိပ်မဟုတ်​သေး..ကိုငယ်တို့ကိစ္စတိုင်း ​ချောနုတို့ညီအစ်မမကြာမကြာ ​ငွေစိုက်​ဖြေရှင်း​ပေးရ​နေရတာက ကိုငယ့်အ​နေဖြင့် အစ်မများအ​ပေါ် အခွင့်အ​ရေးတစ်ခုလိုဖြစ်​နေသည်။ ​

ချောနုက ​မောင်နှမစိတ်ဖြင့် မမြင်​သော်လည်း ​ဘေးက မြင်​နေသိ​နေရသည့်ကိုလင်းတို့က အမြင်မ​တော်​ပေ။ သူငယ်ချင်းများ​ပြောသလို ကိုငယ် ယူ​နေသည့်အခွင့်အ​ရေးကတချိန်ချိန်မှာ ​ချောနုဘဝအတွက် ထိခိုက်​စေနိုင်သည်။

ကိုခိုင်မြဲ​ပေးလိုက်သည့် ပိုက်ဆံသည် သူတို့နှစ်​​ယောက်​ရှေ့​ရေးအတွက် ဖြစ်နိုင်သလို ​ချောနုကို သုံး​စေချင်သည့်​စေတနာလည်းဖြစ်နိုင်သည်။ ကြားသုံးဝင်မပါ​ကောင်း​သော်လည်း ​ချောနု သူ့​ရှေ့​ရေးအတွက် စဥ်းစားတတ်​အောင် အကြံ​ပေးမှဖြစ်မည်။

××××××××××××××××××××××××××××××××××××××

​ကျော်စွာ မနက်ခင်းဖယ်ရီနှင့်မလိုက်ဘဲ ရုံးကိုအ​စောထွက်လာလိုက်သည်။ သူငယ်ချင်းများ ​ရုံးခန်းထဲ​ရောက်မှကျော်စွာ့ကို​တွေ့လိုက်၍

"ဟယ် ​ကျော်စွာ ဘယ်လိုဖြစ်တာတုန်း"

"ဟင် ​ကျော်စွာရုံးတက်တယ်​ပေါ့"

"ရုံးမတက်လို့ ငါက ဘယ်သွားရမှာလဲ"

"ကို​ကြီးကျော်စွာပဲ ကျွန်​တော်တို့ကို ဟင်ကနဲ ဟာကနဲဖြစ်သွား​စေရမယ်ဆို..မဝိုင်းပြည့်ပါသွားပြီလားလို့ ရုံး​ရောက်​​ရောက််ခြင်း သူတို့ဖယ်ရီကို အရင်သွားကြည့်ရ​သေးတယ်..သူ့မ​တွေလို့ လက်ဖွဲ့ရ​တော့မယ်ထင်​​နေတာ"

"မ​နေ့က ငါ​ပြောတဲ့အတိုင်း မင်းတို့​တွေ ခု ငါ​တွေ့လို့ ဟင်ကနဲ ဟာကနဲ ဖြစ်သွားပြီမိုလား..ဘာ​တွေ​​မျှော်လင့်​နေတာလဲ"

"ဟမ်..ဟုတ်​တော့မဟုတ်​သေးပါဘူး..ကြည့်ရတာ မဝိုင်းပြည့် ငြင်းလိုက်လို့ဖြစ်မယ်"

"ဟိတ်​ကောင် ငြင်းစရာလား..ငါ့ဟာငါ လွတ်လွတ်လပ်လပ်​နေချင်လို့ လက်ထပ်ခွင့်​​တောင်မ​တောင်း​သေးတာ"

"နင်လား မယူချင်​သေးတာ.. ယုံလိုက်မယ် တောထဲမှာ"

"​အေး​လေ နင်ကသာ ဖိတ်စာတခြမ်း​သေချာ​နေတာ..ဟိုက ရဲတိုင်မယ်ဆိုလို့ ငြိမ်​နေတာမသိတာကျလို့"

"​​ကြားဖူးတာ​တော့ က​လေးမုန့်​ပေးကြိုက်တဲ့သူက စိတ်ပျိုကိုယ်နုတယ်တဲ့ နင့်ကျမှ က​လေးမုန့်​ပေးကြိုက်ပြီး လဒ မှိုင် မှိုင်​နေတယ်လို့"

"​အေး​လေ"

"ငါ အလုပ်လုပ်​နေတာ အားအားယားယား စပ်ဖြဲဖြဲ​နေရမလား"

"​ကျော်စွာရယ် ဟန်လုပ်ငြင်းမ​နေစမ်းပါနဲ့ ဝန်ခံလိုက်စမ်းပါ"

"နင်တို့​တွေ အဲလိုပိန်းလို့ ငါ မ​နေ့က တမင်ဂျင်းထည့်တာဘာကိစ္စငါကခိုး​ပြေးရမှာလဲ..ဒီသတင်းကျွတ်မှာသွား​တောင်းမှာ"

"မယုံ​သေးဘူး..​စောင့်ကြည့်ဦးမှာ"

"​အေး ကြည့် ကြည့်..​ကျော်စွာတို့က ​​ကတိတလုံးနဲ့​နေတာ"

"အဲဒီကတိကြီးက​လေ..ဟိုက ကို ​ကျော် စွာ ဆိုလိုက်တာနဲ့ က​လေးသ​ဘောဆိုပြီး ​လျှော့ချသွားတာ"

​ကျော်စွာခပ်တည်တည်နှင့် ဟန်ကိုယ်ဖို့​ပြောလည်း သူငယ်ချင်းက မယုံသည့်အပြင် ဟားတိုက်​နေကြ​သေးသည်။ မိ​ရွှေဝိုင်း​ရေ မင်း​တော့ကွာ!!!

××××××××××××××××××××××××××××××××××××××

​​နေ့လယ်ထမင်းစားချိန်မှ ​ချောနုတို့​တွေ ​အေး​ဆေးစကား​ပြောရသည်။

"​ချောနု ဒီမှာပါဆယ်..ငါ​မေးတာအရင်​ဖြေဦး..ညက ​က​လေးဆေးခန်းကို ဘယ်သူနဲ့ သွားတာလဲ"

"ဖြူ​လေးနဲ့သွားတာ​လေ..ကိုငယ် သူ့သူငယ်ချင်း​တွေနဲ့ပါသွားတာ ညဥ့်နက်မှပြန်လာတယ်"

"​ဆေးဖိုးဘယ်သူထုတ်လဲ"

"ဖြူ​လေး ထုတ်တာ​လေ"

"အို..အ​မေးဇင်း ဖြူ​လေးက သူ့က​လေး​ဆေးဖိုးကိုထုတ်တယ်​ပေါ့"

"သူ့က​လေး သူ မထုတ်လို့ဘယ်သူထုတ်မလဲ"

"နင်တို့ညီအစ်မ လတိုင်းက​လေးနို့မှုန့်ဝယ်ရ..ဒိုက်ဘာဝယ်ရ..အဝတ်အစားဆင်ရနဲ့ဆို​တော့ ညက သူထုတ်တာအံဩလို့ပါ..ဟုတ်​ကောဟုတ်ရဲ့လား..နင် ညာ​နေတာလား"

"ဪ ဒီဝိုင်းပြည့်မ မယုံသင်္ကာနဲ့တကယ်ပါဆို..ကိုလင်းကိုကြီး​အောင်က ဘာတဲ့လဲ"

ကိုကြီး​အောင်​ပြောသည့်အတိုင်း ကိုလင်း လုံ​စေ့ပတ်​စေ့ ရှင်းပြလိုက်သည်။

"ပါဆယ်က သူ့သူ​ဌေးယူလာတာ..​ငွေလွှဲက ဟိုတ​နေ့ကမှ ကိုကြီး​အောင်ဆီ​ရောက်တာဆို​တော့ ပစ္စည်းနဲ့​ငွေစုံမှ သူနင့်ဆီလာမဲ့ပုံပဲ..ပါဆယ်ကို ပြီးမှဖွင့်..​လော​လောဆယ် ဒီပိုက်ဆံကို နင်ဘယ်လိုလုပ်မှာလဲ"

"ငါးသိန်းကြီးများ​တောင်...သူ့လစာဘယ်လောက်​​တောင်ရလို့လဲ"

"ဘယ်သိမလဲဟ..ဒီမှာထက်စာရင် အခွင့်အ​ရေး​တွေပိုရှိလို့ လစာ​ကောင်းတာလည်းဖြစ်နိုင်တာပဲ"

"လစာ​ကောင်းလည်း မိ​ဝေးဖ​ဝေးနဲ့ ပင်ပင်ပန်းပန်းရှာထားတဲ့ပိုက်ဆံ..ငါ မယူရက်ဘူးဟ..သူ့မိဘကို အားနာတယ်"

"တစ်နှစ်​ကျော်အတွင်း ဒီ​လောက်​ပေးနိုင်တာ လစာ​ကောင်းလို့​နေမှာပါ..တကယ်ချစ်လို့သာ ​ပေးတာ..သူ့​စေတနာကိုတန်ဖိုးထားရင် အလဟသမဖြစ်​စေနဲ့"

"ဟုတ်တယ်မကြီး​ချော..ရိုစ့်ပွင့်ပွင့်လင်းလင်း​ပြောမယ်​နော်..မကြီး​ချောဘာသာ သုံးချင်ရာသုံး စုပဲထားထား မိဘကိုကန်​တော့တယ်ဆိုရင်​တောင် ကိုခိုင်မြဲသိရင် ကြည်ဖြူမှာ..အမ​မောင်အတွက် သုံးလိုက်တယ်ဆိုရင် သူသိလို့ဘာမှမ​ပြောပင်မဲ့ ခဏတိုင်းဆိုရင် ငြိုငြင်ချင်လည်းငြိုငြင်မယ်..မငြိုငြင်ရင်​တောင် သူ့အမြင်မှာ အမရိုးလ်​အောက်တယ်"

"ဟုတ်တယ်မ​ချော..ကိုခိုင်မြဲက အမအိမ်အ​ကြောင်း ဂဃနဏမသိိဘူး..ပြုံးငယ်တို့က အ​ကြောင်းသိ​နေလို့ ကိုခိုင်မြဲဘက်က ​တွေးကြည့်ရင် ဒါမျိုးကိုမကြိုက်ဘူး..သူကအမမျက်နှာနဲ့ ကြည်ဖြူရင်​တောင် သူ့​ချွေးစက်​တွေကို အားနာဖို့​ကောင်းတယ်"

"​အေးပါ နင်တို့​စေတနာကို ငါနားလည်တယ်..ငါဒီအ​တောအတွင်း ​သေချာစဥ်းစားပြီးပြီ..ဒီ​ရှေ့​လျှောက် ငါ့အတွက်ပဲငါကြည့်မယ်..ငါ့မိဘအတွက်ပဲဲ စဥ်းစားမယ်..သူတို့အတွက် ပိုက်ဆံမထုတ်​တော့ဘူးလို့ဆုံးဖြတ်ထားတယ်"

"အမယ်"

"တကယ်​ပြောတာဝိုင်းပြည့်ရဲ့..မ​နေ့ကဆို ဖြူ​လေး​ဆံပင်သွားကောက်တယ် ​ခြေသည်းလက်သည်းပြင်တယ် တ​နေကုန်ကြာတယ်..အ​မေက က​လေးထိန်းရတယ်..ညကျက​လေးအီ​နေ​တော့ အ​မေက ​ဆေးလိမ်း​ပေးတယ်..အ​ဖေက​ချော့တယ်..ဒါလည်းက​လေးကမ​နေဘူး..​မဖြစ်​တော့ဘူး ဆေးခန်းသွားမယ်ဆို​တော့ ကိုငယ်ကပြန်မလာ​သေးဘူး..အဲဒါနဲ့ ငါ​ဆေးခန်းလိုက်ပို့တာ..

ဘယ်​လောက်များစိတ်တိုဖို့​ကောင်းလဲဆို ငါလိုက်ပို့​တော့ ဆိုင်ကယ်​ပေါ်တက်ခွတာ ပိုက်ဆံအိတ်​တောင်မယူဘူး"

"ဟယ်"

"ငါလဲ စိတ်တိုတိုနဲ့ ပိုက်ဆံမပါဘဲနဲ့ ဘယ်လိုသွားမှာလဲပိုက်ဆံမရှိဘူးလို့မ​ပြောနဲ့ နင်ဆံပင်​​တော့ကောက်ထားပြီး က​လေး​ဆေးဖိုးမှ မြင်မ​နေနဲ့ ဒါနင့်က​လေးလို့ ငါပြောပစ်လိုက်တယ်"

"​အေးအဲဒီ​တော့"

"အ​ဖေနဲ့အ​မေကြား​​အောင် တမင်​အော်​ပြောတာ​လေ..နိုမို့မျက်နှာငယ်​လေးနဲ့​နေရင် အ​​မေက သနားပြီးထုတ်​ပေးဦးမှာ..ငါ့အသံကျယ်​တော့ အ​ဖေကသိပြီ​လေ..အ​ဖေမျက်နှာတည်​နေ​တော့အ​မေလဲမထုတ်​ပေးရဲဘူး.အဲကြမှပိုက်ဆံအိတ်သွားယူတယ်..​ဆေးခန်းကျမှ ပိုက်ဆံနည်းလို့တဲ့တိုးတိုး​လေး ကပ်​ပြောတယ်"

"အဲ"

"ငါ့မိဘဆီကလွဲရင် ရှာချင်တဲ့​နေရာကရှာခဲ့..မဟုတ်လည်း ​ဆေးခန်းမှာ အတူအရှက်ကွဲခံမယ်..ငါက​လေးမဟုတ်လို့ ငါတော့ မရှက်ဘူး..ငါ့ကိစ္စမဟုတ်လို့ ရှက်စရာအ​ကြောင်းကိုမရှိတာလို့​ပြောမှ သူ့မိဘဆီကိုဖုန်းဆက်လှမ်းတောင်းတယ်..သူ့အ​ဖေက ညကြီးအချိန်မ​တော်လာ​ပေးရတယ်လေ"

"ဟယ်"

"က​လေးသနားပြီး ငါတို့ထုတ်​ပေး​နေရင် လူပါးဝ​နေဦးမှာ​လေ..ကိုငယ်ကို မသဒ္ဓါတာထား ​မွေးထားတဲ့က​လေးမှ မသဒ္ဓါရင် ငါတို့က ဘာကိစ္စထုတ်​ပေးရမှာလဲ..စဥ်းစားလို့ကိုမရဘူး..အရင်ထဲကစိတ်က ချဥ်​နေတာ..ညက​တော့ ငါလဲပွဲကြမ်းပစ်တယ်"

"​အေး ပွဲက ကြမ်းသင့်တာကြာပြီ"

"ငါတို့ဒီ​လောက်​ကောင်း​​ပေးနေတာ​တောင် လူပါးဝ​နေတာ ငါရှာသမျှ သူတို့အတွက်ဖြစ်​နေစရာအ​ကြောင်းမရှိဘူး..အဲ​တော့ ဒီလကုန်ကစပြီး က​လေးနို့မှုန့်နဲ့ဒိုက်ဘာဝယ်မ​ပေး​တော့ဘူးလို့ ဆုံးဖြတ်ထားတယ်"

"မကြီး​ချောတို့က လတိုင်းဝယ်​ပေး​နေရ​အောင် သူက နို့မထွက်လို့လား"

"အလှပျက်မှာ​ကြောက်လို့ တမင်မတိုက်ဘဲ နို့ဘူးနဲ့ကျင့်တာ.ပြုံးငယ်ရဲ့..တလကို သုံး​လေးဘူး​လောက်​တော့ကုန်တယ်..ငါနဲ့မမကြီးက သူတို့သက်သာပါ​စေဆိုပြီး တဘူးနဲ့ဒိုက်ဘာတထုပ်ပဲဝယ်​ပေးတာပါ..နို့မှုန့်​တွေ ​ဈေးကြီးတာ နင်တို့လဲသိသားပဲ..ဒါ​တောင် လူပါးဝ​နေ​တော့ ​​ညက ​တော်​တော်ကြီးကို စေတနာပျက်သွားတာ..ဒီလကုန်ကစပြီး ပိုက်ဆံ​သေချာစု​တော့မယ်..ကိုခိုင်မြဲ​ပေးတာ​တော့ ငါသူ့အတွက်စု​ပေးထားလိုက်မယ်"

"စုမဲ့အစား​ရွှေလုပ်ထားပါလား..နင့်လက်ထဲရှိနေရင် ငါစိတ်မချပါဘူး​ချောနုရယ်..စိတ်ဆိုးတုန်းမိုလို့သာ သူတို့အတွက် နင် ပိုက်ဆံမထုတ်ဘူး​ပြောတာ..တကယ်အ​ရေးကြုံရင် နင်မ​နေနိုင်ဘူး​နော် ငါကြိုမြင်​နေတယ်"

"ဟုတ်တယ် မကြီး​ချော..မဝိုင်း​ပြောတာ ရိုစ့်​ထောက်ခံတယ်..​ရွှေဆို​တော့ ထုခွဲရမလွဲဘူး..ပိုက်ဆံကရှိ​နေရင် အလွယ်သုံးမိတယ်..ကိုခိုင်မြဲက ​စေတနာရှိလို့​ပေးတာ အမ သုံးတာလဲသုံး အထုပ်အထည်​လေးရှိနေရင် သူလဲဝမ်းသာမှာပဲ..​ရွှေ​ဈေးက အမြဲတက်​နေတာ ​တချိန်ပြန်ရောင်းလည်းအရှုံးမှမရှိတာ"

"ဟုတ်တယ်​ချောနု အဖတ်တင်​အောင် တခုခု​တော့လုပ်ဟယ်"

"အေးပါ ငါ ပိတ်ရက်မှာ ​​ရွှေဆိုင်သွားမယ်..ဝိုင်းပြည့်လိုက်ခဲ့​ပေးဦး"

"​အေး နင့်အိမ်က မသိ​စေနဲ့ဦး..နင့်အ​မေသိရင် ကိုငယ်သိတာနဲ့တူတူပဲ..အန်တီနုက သူ့သားကိုတအား​ပေးချင်တာသားသမီးသုံး​ယောက်လုပ်စား​နေရတာခြင်းတူတူကိုငယ့်ကိုပဲသနားပြီးဖို့ချင်​​နေတာ..​ငါ​ဘေးကကြည့်ပြီး အူယား​နေတာ"

"​အေးပါဟဲ့ သူများ​​ချွေးနဲစာအလဟသအဖြစ်​စေရဘူး

ပါဆယ်အရင်ဖွင့်မယ်"

ပါဆယ်ဘူးဖွင့်ကြည့်​တော့ ပါကင်ဖွင့်လျက်သားဖုန်းဟန်းဆက်တလုံး..ပါဝါဖွင့်ကြည့်​တော့ ​ချောနု မန္တ​လေး​တောင်​ပေါ်မှာ ရိုက်ခဲ့သည့်ပုံဖြစ်နေသည်။ ဘွဲ့ယူသွားသည့်ခရီးတ​လျှောက် မန္တ​လေးနှင့် ​မေမြို့မှာ ရိုက်ခဲ့သည့်ပုံများထည့်ထားသည့် ဓါတ်ပုံအယ်ဘယ်တခု.. ပြုံးငယ်က

"ဒီပုံ​တွေက.. ကိုခိုင်မြဲဘယ်လိုရတာလဲ"

"​ချောနု နင်မန္တ​လေးသွားတုန်းက ကိုခိုင်မြဲ ရှဲဒိုးလိုက်ခဲ့တဲ့ပုံပဲ"

"​အေး ကိုလင်း အဲတုန်းက ငါသူ့ကို ခဏတိုင်းသတိရ​နေတာ..သူရှိမှန်းသိရင် ငါ ​ဘေးကို ​သေချာကြည့်ပါတယ်အချိန်​တွေနှ​မြောလိုက်တာ ခဏ​လေး​တောင်မ​တွေ့လိုက်ရဘူး"

ထို့​​နောက် ဘူးထဲဆက်ကြည့်​တော့ CK တံဆိပ် ဆလင်းဘက်အိတ်တလုံး..မျက်မှန်တလက်၊ ပိုက်ဆံအိတ်အပြားတအိတ်..ပန်းနု​ရောင်တီရှပ်နှင့် ကာကီ​ရောင်စတိုင်​​ပန်ဘောင်းဘီတထည်..မိန်းမဝတ်နာရီတလုံး..​ရေ​မွှေးတဘူး..နှုတ်ခမ်းနီနှစ်ဘူးနှင့် ​​ချောကလက်ဘူးများ..ပိုက်ဆံအိတ်ဖွင့်ကြည့်​တော့ ​အိတ်၏ ဓါတ်ပုံထည့်သည့်​နေရာတွင် ကိုခိုင်မြဲ၏အလှပုံအ​သေး​လေးကို ​ထည့်ထားသည်။ ပုံထဲမှာ ကိုခိုင်မြဲက ခြင်္သေ့ရုပ်ထုကို​နောက်ခံထားပြီး ပြုံး​နေသည်..ဝတ်ထားသည်က ​ချောနုကို​ပေးသည့်ဝတ်စုံနှင့်ဆင်တူသည်။ လက်​ဆောင်များကိုကြည့်ပြီး တခန်းလုံး အားရဝမ်းသာနှင့် ​ပျော်သွားကြသည်။

"ကိုခိုင်မြဲက ရိုတတ်လိုက်တာ..အားကျစရာကြီး..ကို

​ကျော်စွာတို့ ​နေခဲ့လိုက်​တော့"

"သူများ​တွေ ရိုခဲ့တာ​​တောင် အိုးနင်းခွက်နင်းနိုင်တာရှိ​သေး..ကိုခိုင်မြဲတို့က ဆရာကျတယ်ဟ"

ကိုလင်းက ​ပြောပြီး ပြုံးစိစိဖြင့် ဝိုင်းပြည့်ကိုကြည့်​နေ၍

ပြုံးငယ်က

"ကိုလင်း ဘာကြီးလဲ​ပြောပြ"

"တခါတုန်းက​ပေါ့​အေ..မနက်ခင်းတိုင်းနှင်းဆီတပွင့်နဲ့ မုန့်တခုက ​တရားခံမ​ပေါ်ဘဲရောက်ရောက်လာတယ် ကာယကံရှင်က ပန်းနဲ့မတည့်​တော့ သူများကို​ပေးပစ်တယ် မုန့်နဲ့ကြ​တော့တည့်တယ်ဗျာ လူမသိသူမသိ ခိုး​စားတယ်"

ကိုလင်းက ​​ပြောပြီးရပ်​နေ၍ ရိုစ့်နှင့်ပြုံးငယ်တို့ မရိုးမရွဖြစ်လာကြသည်။ ​ချောနု ဝိုင်းပြည့်ကိုကြည့်​တော့ ရယ်ကျဲကျဲနှင့်..

"အ​ရေးထဲ မုန့်ကနင်​နေ​တော့ ကို​​ကျော်စွာမယ် ပြူးပြာပြီး ရင်ခုန််သံ​တွေ ​ပျောက်သွားတယ်..မိဝိုင်း အိုးနင်းခွက်နင်းနိုင်တာနဲ့ ကို​ကျော်စွာ ​​​ကောင်းကောင်းမရိုခဲ့ရဘူး.. ရိုနည်းသင်​ပေးဦးမှပါ"

"လင်း တည် ကြည် နင်သိသွားပြန်ပြီလား"

"နင် ​နေ့တိုင်းလစ်ထွက်ပြီး မုန့်ခိုးစား​နေလို့ ငါလိုက်​ချောင်းတာ​လေ"

တဖွဲ့လုံးရယ်​လေ ဝိုင်းပြည့် ကိုလင်းကိုထု​လေ ထမင်းစားခန်းထဲ ရယ်သံ​တွေညံ​သွား၍ ချက်ချင်း အသံကို​လျှော့လိုက်ရသည်။

​ချောနု ဝိုင်းပြည့်ကို အားနာသွားရသည်။ သူတို့စုံတွဲက ကိုယ့်ကိစ္စကိုစဆုံးကူညီထားလျက် ကိုခိုင်မြဲ​ပေးသည့်လက်​ဆောင်​တွေ​ကြောင့် ဝိုင်းပြည့် အားငယ်မှာစိုးရသည်။ ဝိုင်းပြည့်မျက်နှာကြည့်​​တော့ ပကတိကြည်လင်လျက်..နေကာ မျက်မှန်ကို တပ်ကြည့်​နေ​သေးသည်။

"ဝိုင်းပြည့် ငါ နင့် အားနာလိုက်တာ"

"ဘာကိုတုန်း"

"ဒီလက်​ဆောင်​တွေကြည့်ပြီး နင်ကို​ကျော်စွာကို တမျိုးထင်မှာစိုးလို့"

"လူ​တွေကြားထဲ လူမသိသူမသိ ပိုး​ရမှ​တော့ လက်​​​ဆောင်​တွေအများကြီး​ပေးလို့ဖြစ်မလား..သူ ငါ့အတွက်နဲ့ ​မေမြို့က အားချင်းပြန်လာတဲ့​နေ့ကတည်းက တဘဝလုံးအတွက် ယုံကြည်လို့ရတဲ့သူပဲလို့ ငါ့စိတ်က သူ့ကိုလက်ခံလိုက်ပြီ..ငါမကြိုက်တဲ့သူ့အကျင့်​တွေသူ ပြင်တယ်​လေ..ငါ့အသိုင်း အဝိုင်းထဲ ဝင်ဆန့်​အောင်သူ​ပေါင်း​ပေးတယ်..​​​ရှေ့ရေးအတွက် သူဟာသူပြင်ဆင်​နေတယ် ငါ တအားကြီးလည်း ​လောဘမကြီးပါဘူး..ဒီ​လောက်ဆိုတော်​ပြီ​လေ သူငယ်ချင်းရယ်....

နင် ဘာ​တွေ​လျှောက်​တွေး​နေတာလဲ..ငါ​တောင်မ​တွေးမိဘူး..ဒီ​ချောနုမ တကယ်ပဲ..​လော​​လောဆယ် စိတ်ဝင်စားတာ​တော့ ​ဒီချောကလက်ပဲ"

"​အေး စားမယ်​လေဟာ မုန့်​တွေကများတယ်.. ဒီမှာလည်းစားမယ်..နင်တို့ကို ခွဲ​ပေးလိုက်မယ်..ဆရာ့အတွက်အရင်ဖယ်လိုက်ဦးမယ်"

​ချောနု မုန့်များကို အိမ်အတွက်အနည်းငယ်ဖယ်လိုက်ပြီး ဆရာနှင့် သူငယ်ချင်းများအတွက် အချိုးကျခွဲလိုက်သည်။ အိမ်မှာ အဆင်မ​ပြေသည့်ကိစ္စများ ​လော​​လောဆယ် ​မေ့ထားဦးမည်။

တန်ဖိုးကြီးသည့်လက်​ဆောင်များထက် သူ့​စေတနာကို ခံစားလိုက်ရ၍ စိတ်ထဲမှာ အလိုလို​နေရင်း ကြည်နူးလာသည်။ ဆရာ့ကို မုန့်သွား​ပေး​တော့ ဆရာက ရယ်​နေသည်။ ဘာမှ​​တော့​မပြောပါ။ မုန့်စားရင်း တဖွဲ့လုံး လက်​ဆောင်​တွေ ကိုင်ကြည့်လိုက် ဓါတ်ပုံများကြည့်လိုက်နှင့်သ​ဘောကျ​နေကြသည်။ ​ချောနု စာဖွင့်ဖတ်ရန်ရင်ခုန်​နေမိ၏။ ဒီရက်ပိုင်းထဲ သူ့ကို သတိရကာမှ တိုက်တိုက်ဆိုင်ဆိုင် အဆက်အသွယ်ရလာသည်။ ဟန်းဆက်က ဘာလို့ထည့်​ပေးတာလဲမသိ။ ငါးသိန်းတန်ဖုန်းများ ​​ပေါ်​နေချိန်မို့ ဖုန်းပဲဝယ်​စေချင်တာလား???

ရင်ငြိမ်းပန်း

အပိုင်း(၂၁)ဆက်ရန်။

10.7.2026 ( Fri ),1:30PM

!! ကိုခိုင်မြဲက စာထဲမှာ ဘာ​တွေ​ရေးထားလဲမသိဘူး​နော်.. ကျွန်မ စ​နေ..တနင်္ဂ​နွေနှစ်ရက် စင်္ကာပူသွားပြီး စပ်စုလိုက်ဦးမယ်နော့!!

စာဖတ်သူများရှင်..အဆင်​ပြေသ​လောက်(​ဈေးနှုန်းမသတ်မှတ်ထားပါ) စာဖတ်ခ​ပေးသွင်းပြီးဖတ်ရှုနိုင်ပါတယ်ရှင်။ အ​ကြောင်းအမျိုးမျိုး​ကြောင့် အခက်အခဲရှိရင် အခမဲ့ဖတ်လို့ရပါတယ်။ စနေ၊ တနင်္ဂ​နွေပဲနားပြီး တပတ်ငါးရက် ​နေ့တိုင်းတင်​ပေးသွားမှာပါရှင်။

Kay pay acc- 0997490 1123(M T O)

ပထမအခန်းဖြစ်ပြီး နောက်ဆုံးအခန်းဖြစ်ပြီး

အခန်းမှတ်ချက်များ (0)

လော့ဂ်အင် ပြီးနောက် မှတ်ချက်ပါဝင်နိုင်
မှတ်ချက်မရှိ၊ ပထမဆုံးဖြစ်ကြည့်ပါ