အရွယ်လွန်တန်ဖိုး(အပိုင်း ၁၂)#အရွယ်လွန်တန်ဖိုး(အပိုင်း ၂၀)
#ရင်ငြိမ်းပန်း
ကိုကြီးအောင်ကို ကျော်စွာနှင့်ကိုလင်းမမြင်ဖူးပါ။ ဆိုဒ်ထဲအဝင် ဂိတ်ရှေ့မှာလူတစ်ယောက်အထုပ်တထုပ်ကိုင်လျက် ရပ်နေပြီး လမ်းမကို ကြည့်နေတာတွေ့၍ ကိုလင်း နှုတ်ဆက်လိုက်သည်။
"ကိုကြီးအောင်လားဗျာ့"
" အေး ငါ့ညီတို့က ကျော်စွာနဲ့လင်းတည်ကြည်လား"
"ဟုတ်ကဲ့ဗျာ့ ကျွန်တော်က လင်းတည်ကြည်..သူက ကိုကျော်စွာ"
"အေး အဝိုင်းမ ဖုန်းဆက်ထားတယ်..လာကွာကိုယ့်အဆောင်သွားမယ် အေးဆေးပြောရအောင်"
လုပ်ငန်းခွင်နှင့် ခပ်လှမ်းလှမ်းမှာ သွပ်မိုးထရံကာ အဆောင်လေးများတွေ့ရသည်။ အထဲရောက်တော့ အိပ်ရာနှစ်ခုနှင့် ခြေရင်းကစားပွဲပေါ်မှာ ပန်းကန်နှင့်စားသောက်စရာများတင်ထားသည်။ ကိုကြီးအောင်က အိပ်ရာနှစ်ခုအလယ်မှာ ကျော်စွာတို့ကို နေရာချပေးရင်း ကော်ဖီဖျော်နေသည်။
"ကဲကော်ဖီသောက်ဦး"
"ဟုတ် ကိုကြီးအောင်...ကိုခိုင်မြဲသတင်းဘာကြားသေးလဲဗျာ့"
"သူဌေးက စင်္ကာပူက ကုမ္ပဏီတစ်ခုမှာ ရှယ်ယာထည့်ထားတာ..ဟိုဘက်ကအခြေအနေလေ့လာလို့ရအောင် ခိုင်မြဲကို လွှတ်လိုက်တာ..သွားတုန်းကတော့ သုံးလလောက်ပဲကြာမယ်ပေါ့ကွာ..ဖက်စပ်ဆိုတော့ အလုပ်လည်းရှုပ်သလို သူတို့နဲ့အမှီလိုက်နိုင်အောင် ကြိုးစားရတယ်ကွာ...
ဟိုရောက်တော့ ဟိုဘက်က လူကြီးပိုင်းတွေက သူ့သဘောကျတာနဲ့ စာချုပ်ချုပ်လို့ ပြန်မလာဖြစ်တော့တာ"
"ဗျာ..သူဌေးကကော သဘောတူတာပဲလား"
"သူဌေးက သူ့အကျိုးစီပွားပဲကွာ..သဘောမတူဘဲ နေမလား..ခိုင်မြဲကို လုပ်ရည်ကိုင်ရည်ရှိလို့ နဂိုကတည်းက သဘောကျနေတာ..အခွင့်အရေးရတုန်း မြေတောင်မြှောက်ပေးရင်း သူ့လူယုံသဘောမျိုး ဟိုဘက်မှာထားချင်တာ"
"စာချုပ်က ဘယ်နှနှစ်လဲ"
"ငါးနှစ်..သွားတုန်းက ချောနုကို သူ့ဘာသာပြောမယ်ဆိုတော့ သူတို့ချင်း အချိတ်အဆက်တွေရှိမယ်ထင်ထားတာလေ..စာချုပ်ချုပ်တော့မှ ငါမေးပါတယ် ချောနုသိလားလို့....
"အဲတော့ ဘာပြောလဲ"
"ပြောမထွက်ဘူးတဲ့"
"ပြောမထွက်လည်း ရုံးလိပ်စာနဲ့ စာပို့လို့ရတယ်..အိမ်လိပ်စာလည်းသူသိနေတာပဲ.. oversea နဲ့ ရုံးဖုန်းကို ခေါ်လို့ရတယ်..အချိန်လည်း ဘယ်လောက်မှမကွာဘူး..တနည်းနည်းနဲ့တော့ ချောနုကို ဆက်သွယ်လို့ရတာပဲ မဟုတ််တောင် ကိုကြီးကတဆင့် လာပြောလို့ရနေတာပဲဟာ စလုံးသွားတယ်ဆိုတာ ဟုတ်ကောဟုတ်ရဲ့လား..ကိုကြီးအောင် အိမ်ထောင်တွေဘာတွေများကျသွားတာလား"
"အိမ်ထောင်ကျမှတော့ တခါတည်းဖြတ်သွားမှာပေါ့ကွသွားတုန်းက ပြောမထွက်လို့.. စာချုပ်ချုပ်ပြီးတော့ သူ့ကိုမယုံမှာစိုးလို့ မပြောရဲဘူးလို့ ငါ့ကိုပြောပါတယ်ကွာ"
"ယုံတာမယုံတာ ချောနုအပိုင်း..ပြောတော့ပြောသင့်တယ်လေဗျာ..အစိမ်းဖြတ် ဖြတ်သွားတာမှမယုံချင်စရာ..သူ မပြောရဲရင် ကိုကြီးအောင်က ဘာလို့လာမပြောလဲ"
"ငါလာတော့ ချောနုက အဆောင်ပြန်အပ်လိုက်ပြီ..ဝိုင်းပြည့်လည်း အိမ်ကနေ ရုံးတက်နေတာဆိုတော့ ငါ ဘယ်လိုပြောရမလဲကွ"
"သူတို့နှစ်ယောက်လုံး အဆောင်ပဲမနေတာ..ကိုကြီးအောင်က ရုံးထဲထိ ဘာလို့မလာတာလဲ"
"ဟကောင်ရ ငါ့ဟာငါတောင် ယန္တရားတွေ ခတ်နေတာ..ရုံးချိန်တော့ ငါဘယ်အားမလဲကွ..ညနေအဆိုင်းပြောင်းချိန် ခဏလစ်ထွက်လာတာတောင် မင့်မချောတွေက မရှိတာ ငါ သုံးလေးခါလာတယ်မတွေ့ဘူး..နောက်ပိုင်း ခိုင်မြဲလည်းမဆက်သွယ်တော့ သူတို့ချင်းgmail ကတဆင့် ဆက်သွယ်နေလား..gtalkပဲပြောနေကြလားထင်လိုက်တာလေ"
"ဟေ့ကောင် ကိုလင်း လူကြီးကို ဘယ်လိုမေးနေတာလဲ..
ကိုကြီးအောင် စိတ်မရှိပါနဲ့ဗျာ.ခိုင်မြဲကို သိပ်မယုံတော့ စကားပြောလောကြီးသွားတယ်"
"ကိုယ့်လူကလဲ ယုံချင်စရာအနေအထားမှမရှိတာ..တနည်းနည်းနဲ့ ဆက်သွယ်လို့ရရဲ့နဲ့ အဆက်အသွယ်အကြာကြီး ပြတ်နေမှတော့ သူငယ်ချင်းတွေ စိတ်ပူမှာပေါ့..ငါနားလည်ပါတယ်ကွာ..ငါလဲ လိုသွားတာ..မင်းတို့ရုံးဖုန်းလည်း ငါမသိဘူးလေ.....
အရင်တပတ်က သူဌေးက စလုံးသွားတော့ ခိုင်မြဲကငါ့နာမည်တပ်ပြီး စာနဲ့ပါဆယ်ထည့်ပေးလိုက်တယ်..ငါ့စာထဲမှာ သူ့ဘက်က အခြေအနေတွေ ရှင်းပြထားတယ် ချောနုဆီသွားပေးပါ..ညနေသွားလို့မတွေ့ရင်် ခွင့်ယူပြီး သေသေ ချာချာ သွားရှင်းပြပေးပါဆိုမှ သူတို့ချင်းအဆက်အသွယ်ပြတ်နေမှန်းသိတာ..ဒီတပတ်လုံးက ဘယ်လိုမှခွင့်ယူလို့မရလို့ မလာဖြစ်တာပါကွာ..မနက်ဖြန်ဈေးကားနဲ့ လမ်းဆုံထိလိုက်ပြီးလာမလို့ဟာ ဒီနေ့ အဝိုင်းမ ဖုန်းဆက်တော့ အတော်ပဲဖြစ်သွားတယ်..ဒါ ချောနုအတွက်ပါဆယ်..ပိုက်ဆံကငါးသိန်း..တမြန်မနေ့ကမှ ငါ့ဆီရောက်တာ"
ကိုကြီးအောင်က ပြောပြီး မောသွားဟန်နှင့် ရေနွေးမှုတ်သောက်နေသည်။ ခုလိုသိလိုက်ရတော့ ကျော်စွာ ခိုင်မြဲပေါ် ကိုယ်ချင်းစာမိပါသည်။ ကိုယ့်တုန်းက ဝိုင်းပြည့်နှင့် ရက်ပိုင်းလောက်ဝေးတာနှင့် အလုပ်တွေအကုန်ပစ်ချပြီးစာမေးပွဲဖြေတာကို သွားအားပေးခဲ့သည်။
ယခု ခိုင်မြဲက ရေခြားမြေခြား လူမျိုးခြားများကြားမှာ ရုန်းကန်နေရတာ.. လာချင်တိုင်းလာတွေ့လို့မရသည့်အခြေအနေမှာ တစ်နှစ်ကျော်အဆက်အသွယ်ပြတ်သွားခြင်းက ဘယ်သူ့မှာမှ အပြစ်ရှိမနေ..ဆက်သွယ်ရေးတွေမြန်ဆန်တိုးတက်နေသည့်ခေတ်မှမဟုတ်ဘဲ..ဖုန်းတစ်ခါဆက်ဖို့အရေး ဂဏာန်းဆယ့်နှစ်လုံးပါသောဖုန်းကတ်ကို လူတိုးပြီး တစ်ထောင်ပေးနှင့်ပေးဝယ်နေရသည့်အချိန် ဒါတောင် တစ်ယောက်ကို နှစ််ကတ်ပဲဝယ်ခွင့်ရှိသည်။
ဖုန်းတစ်ခါဆက်ဖို့အရေး အဆင့်တွေကများသည်။ အရင်ဆုံး တစ်နှစ်သုံး..ပြီးလျှင် ဒီဂဏာန်းတွေ ရိုက်ထည့်ပြီး လျှို့ဝှက်နံပါတ်လေးလုံးက ရိုက်ရသေးသည်။ပြီးမှကိုယ်ခေါ်လိုသည့် နံပါတ်ရိုက်မှ ဖုန်းခေါ်ခြင်းအမှုပြီးသည်။ pco မှာဆက်တာထက် ဖုန်းကတ်နှင့်ဆက်တာက အချိန်မရွေးဆက်လို့ရသည့်အပြင်မိနစ်တော်တော်များများဆက်ရ၍ တန်သည်ပြောရမည်။
(ဖုန်းဆင်းကတ်တွေ မပေါ်ခင်က ဖုန်းကတ်တထောင်တန်ဆိုသည်က ဖုန်းခေါ်တိုင်း အဆင့်လေးဆင့်ကို သုံးပြီးဖုန်းခေါ်ရသည်။ ယခုကတ် တစ်ထောင်တန်ဖုန်းဘေဖြည့်ကတ် ထည့်သည့်နည်းလမ်းအတိုင်း အသုံးပြုရခြင်းဖြစ်သည်။)
"ကိုကြီးအောင် ကိုခိုင်မြဲကို ယုံလို့ရတယ်မလား.ယောကျာ်းလေးချင်း မေးကြည့်တာပါ"
ကျော်စွာ အတွေးလွန်နေတုန်း ကိုလင်းက စကားစလာခြင်းဖြစ်သည်။ သည်ကောင် သူငယ်ချင်းများကို တိုတာက အဖေတစ်ယောက်နှင့်တောင်တူနေသေးသည်။ ချောနုမောင်တောင် သူ့လောက်တိုမည်မထင်။ ကိုကြီးအောင် ပြန်မဖြေဘဲ ပြုံးပြုံးကြီးကြည့်နေပုံက ကိုလင်းအတွေးကို ရိပ်မိနေသည့်ပုံ။
"ချောနုမိဘတွေနဲ့ငါနဲ့ လူရင်းတွေပါကွာ..ကိုယ့်အသိုင်း အဝိုင်းက ကလေးကို မတော်တလျော်နှင့် အဖြစ်ခံပါ့မလားကွ..ခိုင်မြဲ သူ့ကိုလိုက်နေတုန်းက ငါသတိပေးထားတယ်..ဒီကောင် တကယ်ကြီး ဖြစ်နေမှန်းငါ အသိဆုံး..သူအပျော်ကြံရင်တောင် ငါအရင်ဆုံးဖျက်မှာ..နှစ်ယောက်လုံးက ငါ့ညီတွေညီမတွေဖြစ်နေတော့ ဒီကောင် တအားပြောင်းလဲသွားလို့ ငါလွှတ်ပေးထားတာ"
"ကျွန်တော်တို့အသိုင်းအဝိုင်းမှာလည်း ဖောက်ပြန်တာတွေ မျက်နှာများတာတွေ မရှိဘူးဗျာ့..ကြိုက်ရင် လိုက်တယ် ယူဖို့ပြင်ဆင်ပြီး အချိန်တန်ယူလိုက်ကြတာပဲ..ကိုခိုင်မြဲက သူ့အတိတ်တွေ ဝန်ခံပြီးမှ အစအနောက်ပျောက်သွားတော့ ကစားသွားပြီထင်တာ..မဟုတ်လည်း ပြီးတာပဲဗျာ"
"အေးပါကွာ ချောနုကိုလဲ စိတ်ချလက်ချနေလို့..အချိန် တန်ပြန်လာပါလိမ့်မယ်"
"ဒီကြားထဲ စိတ်ပြောင်းသွားတာမျိိုး..တစ်ယောက်ယောက်နဲ့ အနေနီးလို့ သာယာသွားတာမျိုး..စိတ်ထွက်ပေါက်ပေးတာတွေ မတော်တဆမှားသွားမျိုးတွေ ဘာသံမှ မကြားရလာက်ဘူးမလား"
"စိတ်ချ ငါအာမခံတယ်"
"ပြီးရော တစ်ခုခုဆို သူ့မိဘတွေ့ရှေ့ သွားပြောမှာ"
"ဟကောင်ရ"
"ဒါမှ ရှက်တတ်ပြီး ဘယ်မိန်းကလေးမှ မစရဲမှာ"
"အေးပါ ငါ့ကောင်ရာ..ဦးလေးစိုးတောင် မင်းလောက်တိုမယ်မထင်ဘူး"
"ဘယ်တိုမလဲ..သူ့သမီးတွေကို ယုံကြည်မှုနဲ့အုပ်ထားတာကိုခိုင်မြဲအကြောင်းသိကြည့်ပါလား..သူ့သမီးအရိပ်တောင်မမြင်အောင်ထားမှာ"
"မင်း ချောနုအပေါ် ရိုးကောရိုးရဲ့လား"
"ဘာဗျာ့..ကျွန်တော်သာ မရိုးရင် အခွင့်အရေးတွေ ဒီလောက်ရှိနေတာ..ကျွန်တော်တို့ချင်း ငြိတာကြာပေါ့ ခင်ဗျားတို့ခိုင်မြဲ ချောနုကို ငေးခွင့်တောင်မရှိစေရဘူး"
"ဟား..ဟား..ဟား မင်းတိုတာ သဘောကျလို့ပါ ကိုလင်းရာ..မင်းအစ်မနဲ့ညီမတွေကော သဝန်တိုခဲ့ဖူးလား"
"အစ်မကို ယောက်ဖက ကားတင်ပြေးလို့ ကျွန်တော်သဝန်တိုချိန်တောင် မရခဲ့ဘူး"
"ဪ ယောက်ဖပေါ် ပေါက်ကွဲခွင့်မရတဲ့ဒေါသတွေက ငါနဲ့ခိုင်မြဲဲပေါ် ရောက်လာတာပဲ..မင်းယောက်ဖကြီး ကံကောင်းလိုက်တာကွာ"
ကျော်စွာ့အားရပါးရစကားအဆုံး ကိုလင်းရှုံမဲ့စူပုတ်သွား၍ ကျော်စွာနှင့် ကိုကြီးအောင်တို့နှစ်ယောက် ဟား တိုက်ရယ်မိသွားကြသည်။ ကိုလင်း တကယ့်ကောင်!!!
"သွားမယ် ကိုကြီးအောင်ရေ..ခိုင်မြဲနဲ့ဖုန်းရရင်လည်း စားသတိ သွားသတိနဲ့နေဖို့ ချောနုက သူ့ဆီက သစ္စာတရားကိုပဲ မျှော်လင့်နေတာပါလို့ ပြောလိုက်ပါဗျာ"
"အေးပါကွာ..မင်းတို့ထမင်းစားသွားဦးလေ"
"တော်ပါပြီဗျာ..အပြန်နောက်ကျမှာစိုးလို့ သွားပြီ"
"အေးအေး ဂရုစိုက်သွားကွာ"
×××××××××××××××××××××××××××××××××××××
"ကိုကျော်စွာ..ကိုခိုင်မြဲက ပါဆယ်ကို ဘာလို့ကိုကြီးအောင်ဆီပို့တာလဲ..ဘယ်လိုပဲစဥ်းစားစဥ်းစား အဓိပ္ပါယ်မရှိဘူး"
"သူပြောင်းလဲနေပါပြီဆိုတာ ကိုကြီးအောင်ဆီသက်သေထူတာကွာ"
"သူ့ကိုယ်သူမယုံဘဲ သူများအားကိုးနေသေးတယ်"
"ဟကောင်ရ တကယ်ချစ်ရင် ပြောင်းလဲတာပဲ..ဒါတွေမင်းပြောနေလည်း အပိုပဲ"
"ခင်ဗျားညီမ မရှိတော့ ဘယ်ပူမတုန်း"
ကိုလင်းဘုကလန့်ပြောပြီး ရှေ့ကနေထွက်သွားကာ ဆိုင်ကယ်စက်နှိုးနေ၍ ကျော်စွာအမြန်လိုက်တက်ရသည်။ သည်ကောင်ရည်းစားမြန်မြန်ရမှ ကိုယ်ချင်းစာတတ်မှာ!!
"ကျွန်တော်ဗိုက်ဆာပြီ ညစာသွားစားရအောင်"
"အေးသွားမယ်"
ကိုလင်း ညဈေးတန်းထဲ ပတ်ကြည့်ရင်း ကိုကျော်စွာ့ကို စချင်သဖြင့် ငါးကင်ဆိုင်ထဲဝင်ထိုင်လိုက်သည်။ ကိုကျော်စွာမရိပ်မိဘဲ စားပွဲထိုးကိုအရင်မှာသည်။
"ညီလေး ထမင်းဖြူနှစ်ပွဲနဲ့ မာလာဟင်းတစ်ပွဲ..ပင်လယ်စာအစုံတပွဲ"
"ဟုတ်အကို"
"ညီလေး ငါးကင်အရင်ချကွာ"
ကိုလင်း ငါးကင်မှာတော့ ကိုကျော်စွာ အံ့ဩပြီးမော့ကြည့်သည်။ ဘာမှတော့မပြော..ဘာလဲ သည်လူ ခုချိန်ထိ သူဂျင်းမိတာမသိဘူးလား..စပါမယ်ဆိုမှ အ နေ တာ ကိုကျော်စွာမဟုတ်တဲ့အတိုင်းပဲ..ငါးကင်နှင့် ထမင်းအရင်လာချတော့
"ကိုကျော်စွာ ကျွန်တော်ငါးကို ဒီတိုင်းစားရမှာလား"
"ဒီတိုင်းမစားလို့ မင်းက ဘယ်လိုစားချင်လို့လဲ"
"အရိုးထွင်ပေးလေ"
"ဘာ ငါက မင်းကိုအရိုးထွင်ပေးရမယ်"
"အင်း"
"မင်းကို ငါက အရိုးထွင်ပေးရမယ်"
"အင်းလို့"
"နေပါဦး ငါးကို ဗိုက်သားပဲရွေးစားတဲ့ကောင်က..ငါးမွှေချက်ပဲ စားတဲ့ကောင်က..သူငယ်ချင်းတွေ အရိုးထွင်ပေးမှစားတဲ့ကောင်က ဘာကိစ္စ ငါးကင်မှာတာတုန်း"
"ကိုကျော်စွာထွင်ပေးတာ စားချင်လို့လေ"
"ဘာကွ"
ကိုလင်းမချိုမချဥ်ရုပ်နှင့် ပြောနေတာကြည့်ပြီး ကျော်စွာစိတ်ထဲသဘောပေါက်လိုက်သည်။ ကိုယ်ဂျင်းမိတာကို စချင်လို့ကိုး...
"လင်း..တည်..ကြည်"
"အကိုကလဲ" ဝိုင်းပြည့်လေသံအတိုင်းတုပပြောပြီး တဟားဟားအော်ရယ်နေတော့သည်။ မိရွှေဝိုင်း မင်းကွာ!!!
ထမင်းစားပြီး ဆိုင်က ပြန်ထွက်တော့ ကိုလင်းအိမ်မပြန်ရဲလို့ လိုက်ခဲ့ပါရစေဟု ရယ်ကျဲကျဲပြောနေ၍ ကျော်စွာ ဇက်ပိုးအုပ်ပစ်လိုက်သည်။ တော်သေးသည် အဆောင်က သူငယ်ချင်းတွေကို အာမချာင်ခဲ့လို့..နိုမို့ဘယ်လိုမျက်နှာနှင့် အဆောင်ပြန်ရမည်မသိ။
"စား..ကာနီးမှ ပျောက်ပျက်သွားတာမျိုး..မစားထိုက်လို့ ကျော် ယူဆပါမယ်....ကျော့် မျက်ရည်ဝိုင်း ..စွာ့မိရွှေဝိုင်း"
ကိုလင်း ဆိုင်ကယ်နောက်မှနေပြီး သီချင်းဖျက်ဆိုနေ၍ ကျော်စွာ စိတ်လက်ပေါ့ပါးစွာ ရယ်မိတော့၏။ သည်ကောင်ကို စိတ်တိုလျှင် ကိုယ်ပဲအသက်တိုမည်။ ရယ်တာပဲကောင်းသည်။
×××××××××××××××××××××××××××××××××××××
ကိုလင်း ရုံးထဲပြန်ရောက်မှ ချောနုအိမ်နားကဖုန်းကို ခေါ်တော့ ကလေးနေမကောင်း၍ ဆေးခန်းသွားသည်ဆို၍ ထပ်မခေါ်တော့ပါ။ ကလေးနေမကောင်းတာ ကိုငယ်တို့တင်မက သူပါ ဆေးခန်းလိုက်သွားရအောင် ဘာလဲ ဆေးဖိုးရှင်းရဖို့လား..မနက်ကျရင် ကလေးဆေးဖိုး ဘယ်သူရှင်းလဲ မေးရမည််..ချောနုရှင်းသည်ဆိုလျှင်သိပ်မဟုတ်သေး..ကိုငယ်တို့ကိစ္စတိုင်း ချောနုတို့ညီအစ်မမကြာမကြာ ငွေစိုက်ဖြေရှင်းပေးရနေရတာက ကိုငယ့်အနေဖြင့် အစ်မများအပေါ် အခွင့်အရေးတစ်ခုလိုဖြစ်နေသည်။
ချောနုက မောင်နှမစိတ်ဖြင့် မမြင်သော်လည်း ဘေးက မြင်နေသိနေရသည့်ကိုလင်းတို့က အမြင်မတော်ပေ။ သူငယ်ချင်းများပြောသလို ကိုငယ် ယူနေသည့်အခွင့်အရေးကတချိန်ချိန်မှာ ချောနုဘဝအတွက် ထိခိုက်စေနိုင်သည်။
ကိုခိုင်မြဲပေးလိုက်သည့် ပိုက်ဆံသည် သူတို့နှစ်ယောက်ရှေ့ရေးအတွက် ဖြစ်နိုင်သလို ချောနုကို သုံးစေချင်သည့်စေတနာလည်းဖြစ်နိုင်သည်။ ကြားသုံးဝင်မပါကောင်းသော်လည်း ချောနု သူ့ရှေ့ရေးအတွက် စဥ်းစားတတ်အောင် အကြံပေးမှဖြစ်မည်။
××××××××××××××××××××××××××××××××××××××
ကျော်စွာ မနက်ခင်းဖယ်ရီနှင့်မလိုက်ဘဲ ရုံးကိုအစောထွက်လာလိုက်သည်။ သူငယ်ချင်းများ ရုံးခန်းထဲရောက်မှကျော်စွာ့ကိုတွေ့လိုက်၍
"ဟယ် ကျော်စွာ ဘယ်လိုဖြစ်တာတုန်း"
"ဟင် ကျော်စွာရုံးတက်တယ်ပေါ့"
"ရုံးမတက်လို့ ငါက ဘယ်သွားရမှာလဲ"
"ကိုကြီးကျော်စွာပဲ ကျွန်တော်တို့ကို ဟင်ကနဲ ဟာကနဲဖြစ်သွားစေရမယ်ဆို..မဝိုင်းပြည့်ပါသွားပြီလားလို့ ရုံးရောက်ရောက််ခြင်း သူတို့ဖယ်ရီကို အရင်သွားကြည့်ရသေးတယ်..သူ့မတွေလို့ လက်ဖွဲ့ရတော့မယ်ထင်နေတာ"
"မနေ့က ငါပြောတဲ့အတိုင်း မင်းတို့တွေ ခု ငါတွေ့လို့ ဟင်ကနဲ ဟာကနဲ ဖြစ်သွားပြီမိုလား..ဘာတွေမျှော်လင့်နေတာလဲ"
"ဟမ်..ဟုတ်တော့မဟုတ်သေးပါဘူး..ကြည့်ရတာ မဝိုင်းပြည့် ငြင်းလိုက်လို့ဖြစ်မယ်"
"ဟိတ်ကောင် ငြင်းစရာလား..ငါ့ဟာငါ လွတ်လွတ်လပ်လပ်နေချင်လို့ လက်ထပ်ခွင့်တောင်မတောင်းသေးတာ"
"နင်လား မယူချင်သေးတာ.. ယုံလိုက်မယ် တောထဲမှာ"
"အေးလေ နင်ကသာ ဖိတ်စာတခြမ်းသေချာနေတာ..ဟိုက ရဲတိုင်မယ်ဆိုလို့ ငြိမ်နေတာမသိတာကျလို့"
"ကြားဖူးတာတော့ ကလေးမုန့်ပေးကြိုက်တဲ့သူက စိတ်ပျိုကိုယ်နုတယ်တဲ့ နင့်ကျမှ ကလေးမုန့်ပေးကြိုက်ပြီး လဒ မှိုင် မှိုင်နေတယ်လို့"
"အေးလေ"
"ငါ အလုပ်လုပ်နေတာ အားအားယားယား စပ်ဖြဲဖြဲနေရမလား"
"ကျော်စွာရယ် ဟန်လုပ်ငြင်းမနေစမ်းပါနဲ့ ဝန်ခံလိုက်စမ်းပါ"
"နင်တို့တွေ အဲလိုပိန်းလို့ ငါ မနေ့က တမင်ဂျင်းထည့်တာဘာကိစ္စငါကခိုးပြေးရမှာလဲ..ဒီသတင်းကျွတ်မှာသွားတောင်းမှာ"
"မယုံသေးဘူး..စောင့်ကြည့်ဦးမှာ"
"အေး ကြည့် ကြည့်..ကျော်စွာတို့က ကတိတလုံးနဲ့နေတာ"
"အဲဒီကတိကြီးကလေ..ဟိုက ကို ကျော် စွာ ဆိုလိုက်တာနဲ့ ကလေးသဘောဆိုပြီး လျှော့ချသွားတာ"
ကျော်စွာခပ်တည်တည်နှင့် ဟန်ကိုယ်ဖို့ပြောလည်း သူငယ်ချင်းက မယုံသည့်အပြင် ဟားတိုက်နေကြသေးသည်။ မိရွှေဝိုင်းရေ မင်းတော့ကွာ!!!
××××××××××××××××××××××××××××××××××××××
နေ့လယ်ထမင်းစားချိန်မှ ချောနုတို့တွေ အေးဆေးစကားပြောရသည်။
"ချောနု ဒီမှာပါဆယ်..ငါမေးတာအရင်ဖြေဦး..ညက ကလေးဆေးခန်းကို ဘယ်သူနဲ့ သွားတာလဲ"
"ဖြူလေးနဲ့သွားတာလေ..ကိုငယ် သူ့သူငယ်ချင်းတွေနဲ့ပါသွားတာ ညဥ့်နက်မှပြန်လာတယ်"
"ဆေးဖိုးဘယ်သူထုတ်လဲ"
"ဖြူလေး ထုတ်တာလေ"
"အို..အမေးဇင်း ဖြူလေးက သူ့ကလေးဆေးဖိုးကိုထုတ်တယ်ပေါ့"
"သူ့ကလေး သူ မထုတ်လို့ဘယ်သူထုတ်မလဲ"
"နင်တို့ညီအစ်မ လတိုင်းကလေးနို့မှုန့်ဝယ်ရ..ဒိုက်ဘာဝယ်ရ..အဝတ်အစားဆင်ရနဲ့ဆိုတော့ ညက သူထုတ်တာအံဩလို့ပါ..ဟုတ်ကောဟုတ်ရဲ့လား..နင် ညာနေတာလား"
"ဪ ဒီဝိုင်းပြည့်မ မယုံသင်္ကာနဲ့တကယ်ပါဆို..ကိုလင်းကိုကြီးအောင်က ဘာတဲ့လဲ"
ကိုကြီးအောင်ပြောသည့်အတိုင်း ကိုလင်း လုံစေ့ပတ်စေ့ ရှင်းပြလိုက်သည်။
"ပါဆယ်က သူ့သူဌေးယူလာတာ..ငွေလွှဲက ဟိုတနေ့ကမှ ကိုကြီးအောင်ဆီရောက်တာဆိုတော့ ပစ္စည်းနဲ့ငွေစုံမှ သူနင့်ဆီလာမဲ့ပုံပဲ..ပါဆယ်ကို ပြီးမှဖွင့်..လောလောဆယ် ဒီပိုက်ဆံကို နင်ဘယ်လိုလုပ်မှာလဲ"
"ငါးသိန်းကြီးများတောင်...သူ့လစာဘယ်လောက်တောင်ရလို့လဲ"
"ဘယ်သိမလဲဟ..ဒီမှာထက်စာရင် အခွင့်အရေးတွေပိုရှိလို့ လစာကောင်းတာလည်းဖြစ်နိုင်တာပဲ"
"လစာကောင်းလည်း မိဝေးဖဝေးနဲ့ ပင်ပင်ပန်းပန်းရှာထားတဲ့ပိုက်ဆံ..ငါ မယူရက်ဘူးဟ..သူ့မိဘကို အားနာတယ်"
"တစ်နှစ်ကျော်အတွင်း ဒီလောက်ပေးနိုင်တာ လစာကောင်းလို့နေမှာပါ..တကယ်ချစ်လို့သာ ပေးတာ..သူ့စေတနာကိုတန်ဖိုးထားရင် အလဟသမဖြစ်စေနဲ့"
"ဟုတ်တယ်မကြီးချော..ရိုစ့်ပွင့်ပွင့်လင်းလင်းပြောမယ်နော်..မကြီးချောဘာသာ သုံးချင်ရာသုံး စုပဲထားထား မိဘကိုကန်တော့တယ်ဆိုရင်တောင် ကိုခိုင်မြဲသိရင် ကြည်ဖြူမှာ..အမမောင်အတွက် သုံးလိုက်တယ်ဆိုရင် သူသိလို့ဘာမှမပြောပင်မဲ့ ခဏတိုင်းဆိုရင် ငြိုငြင်ချင်လည်းငြိုငြင်မယ်..မငြိုငြင်ရင်တောင် သူ့အမြင်မှာ အမရိုးလ်အောက်တယ်"
"ဟုတ်တယ်မချော..ကိုခိုင်မြဲက အမအိမ်အကြောင်း ဂဃနဏမသိိဘူး..ပြုံးငယ်တို့က အကြောင်းသိနေလို့ ကိုခိုင်မြဲဘက်က တွေးကြည့်ရင် ဒါမျိုးကိုမကြိုက်ဘူး..သူကအမမျက်နှာနဲ့ ကြည်ဖြူရင်တောင် သူ့ချွေးစက်တွေကို အားနာဖို့ကောင်းတယ်"
"အေးပါ နင်တို့စေတနာကို ငါနားလည်တယ်..ငါဒီအတောအတွင်း သေချာစဥ်းစားပြီးပြီ..ဒီရှေ့လျှောက် ငါ့အတွက်ပဲငါကြည့်မယ်..ငါ့မိဘအတွက်ပဲဲ စဥ်းစားမယ်..သူတို့အတွက် ပိုက်ဆံမထုတ်တော့ဘူးလို့ဆုံးဖြတ်ထားတယ်"
"အမယ်"
"တကယ်ပြောတာဝိုင်းပြည့်ရဲ့..မနေ့ကဆို ဖြူလေးဆံပင်သွားကောက်တယ် ခြေသည်းလက်သည်းပြင်တယ် တနေကုန်ကြာတယ်..အမေက ကလေးထိန်းရတယ်..ညကျကလေးအီနေတော့ အမေက ဆေးလိမ်းပေးတယ်..အဖေကချော့တယ်..ဒါလည်းကလေးကမနေဘူး..မဖြစ်တော့ဘူး ဆေးခန်းသွားမယ်ဆိုတော့ ကိုငယ်ကပြန်မလာသေးဘူး..အဲဒါနဲ့ ငါဆေးခန်းလိုက်ပို့တာ..
ဘယ်လောက်များစိတ်တိုဖို့ကောင်းလဲဆို ငါလိုက်ပို့တော့ ဆိုင်ကယ်ပေါ်တက်ခွတာ ပိုက်ဆံအိတ်တောင်မယူဘူး"
"ဟယ်"
"ငါလဲ စိတ်တိုတိုနဲ့ ပိုက်ဆံမပါဘဲနဲ့ ဘယ်လိုသွားမှာလဲပိုက်ဆံမရှိဘူးလို့မပြောနဲ့ နင်ဆံပင်တော့ကောက်ထားပြီး ကလေးဆေးဖိုးမှ မြင်မနေနဲ့ ဒါနင့်ကလေးလို့ ငါပြောပစ်လိုက်တယ်"
"အေးအဲဒီတော့"
"အဖေနဲ့အမေကြားအောင် တမင်အော်ပြောတာလေ..နိုမို့မျက်နှာငယ်လေးနဲ့နေရင် အမေက သနားပြီးထုတ်ပေးဦးမှာ..ငါ့အသံကျယ်တော့ အဖေကသိပြီလေ..အဖေမျက်နှာတည်နေတော့အမေလဲမထုတ်ပေးရဲဘူး.အဲကြမှပိုက်ဆံအိတ်သွားယူတယ်..ဆေးခန်းကျမှ ပိုက်ဆံနည်းလို့တဲ့တိုးတိုးလေး ကပ်ပြောတယ်"
"အဲ"
"ငါ့မိဘဆီကလွဲရင် ရှာချင်တဲ့နေရာကရှာခဲ့..မဟုတ်လည်း ဆေးခန်းမှာ အတူအရှက်ကွဲခံမယ်..ငါကလေးမဟုတ်လို့ ငါတော့ မရှက်ဘူး..ငါ့ကိစ္စမဟုတ်လို့ ရှက်စရာအကြောင်းကိုမရှိတာလို့ပြောမှ သူ့မိဘဆီကိုဖုန်းဆက်လှမ်းတောင်းတယ်..သူ့အဖေက ညကြီးအချိန်မတော်လာပေးရတယ်လေ"
"ဟယ်"
"ကလေးသနားပြီး ငါတို့ထုတ်ပေးနေရင် လူပါးဝနေဦးမှာလေ..ကိုငယ်ကို မသဒ္ဓါတာထား မွေးထားတဲ့ကလေးမှ မသဒ္ဓါရင် ငါတို့က ဘာကိစ္စထုတ်ပေးရမှာလဲ..စဥ်းစားလို့ကိုမရဘူး..အရင်ထဲကစိတ်က ချဥ်နေတာ..ညကတော့ ငါလဲပွဲကြမ်းပစ်တယ်"
"အေး ပွဲက ကြမ်းသင့်တာကြာပြီ"
"ငါတို့ဒီလောက်ကောင်းပေးနေတာတောင် လူပါးဝနေတာ ငါရှာသမျှ သူတို့အတွက်ဖြစ်နေစရာအကြောင်းမရှိဘူး..အဲတော့ ဒီလကုန်ကစပြီး ကလေးနို့မှုန့်နဲ့ဒိုက်ဘာဝယ်မပေးတော့ဘူးလို့ ဆုံးဖြတ်ထားတယ်"
"မကြီးချောတို့က လတိုင်းဝယ်ပေးနေရအောင် သူက နို့မထွက်လို့လား"
"အလှပျက်မှာကြောက်လို့ တမင်မတိုက်ဘဲ နို့ဘူးနဲ့ကျင့်တာ.ပြုံးငယ်ရဲ့..တလကို သုံးလေးဘူးလောက်တော့ကုန်တယ်..ငါနဲ့မမကြီးက သူတို့သက်သာပါစေဆိုပြီး တဘူးနဲ့ဒိုက်ဘာတထုပ်ပဲဝယ်ပေးတာပါ..နို့မှုန့်တွေ ဈေးကြီးတာ နင်တို့လဲသိသားပဲ..ဒါတောင် လူပါးဝနေတော့ ညက တော်တော်ကြီးကို စေတနာပျက်သွားတာ..ဒီလကုန်ကစပြီး ပိုက်ဆံသေချာစုတော့မယ်..ကိုခိုင်မြဲပေးတာတော့ ငါသူ့အတွက်စုပေးထားလိုက်မယ်"
"စုမဲ့အစားရွှေလုပ်ထားပါလား..နင့်လက်ထဲရှိနေရင် ငါစိတ်မချပါဘူးချောနုရယ်..စိတ်ဆိုးတုန်းမိုလို့သာ သူတို့အတွက် နင် ပိုက်ဆံမထုတ်ဘူးပြောတာ..တကယ်အရေးကြုံရင် နင်မနေနိုင်ဘူးနော် ငါကြိုမြင်နေတယ်"
"ဟုတ်တယ် မကြီးချော..မဝိုင်းပြောတာ ရိုစ့်ထောက်ခံတယ်..ရွှေဆိုတော့ ထုခွဲရမလွဲဘူး..ပိုက်ဆံကရှိနေရင် အလွယ်သုံးမိတယ်..ကိုခိုင်မြဲက စေတနာရှိလို့ပေးတာ အမ သုံးတာလဲသုံး အထုပ်အထည်လေးရှိနေရင် သူလဲဝမ်းသာမှာပဲ..ရွှေဈေးက အမြဲတက်နေတာ တချိန်ပြန်ရောင်းလည်းအရှုံးမှမရှိတာ"
"ဟုတ်တယ်ချောနု အဖတ်တင်အောင် တခုခုတော့လုပ်ဟယ်"
"အေးပါ ငါ ပိတ်ရက်မှာ ရွှေဆိုင်သွားမယ်..ဝိုင်းပြည့်လိုက်ခဲ့ပေးဦး"
"အေး နင့်အိမ်က မသိစေနဲ့ဦး..နင့်အမေသိရင် ကိုငယ်သိတာနဲ့တူတူပဲ..အန်တီနုက သူ့သားကိုတအားပေးချင်တာသားသမီးသုံးယောက်လုပ်စားနေရတာခြင်းတူတူကိုငယ့်ကိုပဲသနားပြီးဖို့ချင်နေတာ..ငါဘေးကကြည့်ပြီး အူယားနေတာ"
"အေးပါဟဲ့ သူများချွေးနဲစာအလဟသအဖြစ်စေရဘူး
ပါဆယ်အရင်ဖွင့်မယ်"
ပါဆယ်ဘူးဖွင့်ကြည့်တော့ ပါကင်ဖွင့်လျက်သားဖုန်းဟန်းဆက်တလုံး..ပါဝါဖွင့်ကြည့်တော့ ချောနု မန္တလေးတောင်ပေါ်မှာ ရိုက်ခဲ့သည့်ပုံဖြစ်နေသည်။ ဘွဲ့ယူသွားသည့်ခရီးတလျှောက် မန္တလေးနှင့် မေမြို့မှာ ရိုက်ခဲ့သည့်ပုံများထည့်ထားသည့် ဓါတ်ပုံအယ်ဘယ်တခု.. ပြုံးငယ်က
"ဒီပုံတွေက.. ကိုခိုင်မြဲဘယ်လိုရတာလဲ"
"ချောနု နင်မန္တလေးသွားတုန်းက ကိုခိုင်မြဲ ရှဲဒိုးလိုက်ခဲ့တဲ့ပုံပဲ"
"အေး ကိုလင်း အဲတုန်းက ငါသူ့ကို ခဏတိုင်းသတိရနေတာ..သူရှိမှန်းသိရင် ငါ ဘေးကို သေချာကြည့်ပါတယ်အချိန်တွေနှမြောလိုက်တာ ခဏလေးတောင်မတွေ့လိုက်ရဘူး"
ထို့နောက် ဘူးထဲဆက်ကြည့်တော့ CK တံဆိပ် ဆလင်းဘက်အိတ်တလုံး..မျက်မှန်တလက်၊ ပိုက်ဆံအိတ်အပြားတအိတ်..ပန်းနုရောင်တီရှပ်နှင့် ကာကီရောင်စတိုင်ပန်ဘောင်းဘီတထည်..မိန်းမဝတ်နာရီတလုံး..ရေမွှေးတဘူး..နှုတ်ခမ်းနီနှစ်ဘူးနှင့် ချောကလက်ဘူးများ..ပိုက်ဆံအိတ်ဖွင့်ကြည့်တော့ အိတ်၏ ဓါတ်ပုံထည့်သည့်နေရာတွင် ကိုခိုင်မြဲ၏အလှပုံအသေးလေးကို ထည့်ထားသည်။ ပုံထဲမှာ ကိုခိုင်မြဲက ခြင်္သေ့ရုပ်ထုကိုနောက်ခံထားပြီး ပြုံးနေသည်..ဝတ်ထားသည်က ချောနုကိုပေးသည့်ဝတ်စုံနှင့်ဆင်တူသည်။ လက်ဆောင်များကိုကြည့်ပြီး တခန်းလုံး အားရဝမ်းသာနှင့် ပျော်သွားကြသည်။
"ကိုခိုင်မြဲက ရိုတတ်လိုက်တာ..အားကျစရာကြီး..ကို
ကျော်စွာတို့ နေခဲ့လိုက်တော့"
"သူများတွေ ရိုခဲ့တာတောင် အိုးနင်းခွက်နင်းနိုင်တာရှိသေး..ကိုခိုင်မြဲတို့က ဆရာကျတယ်ဟ"
ကိုလင်းက ပြောပြီး ပြုံးစိစိဖြင့် ဝိုင်းပြည့်ကိုကြည့်နေ၍
ပြုံးငယ်က
"ကိုလင်း ဘာကြီးလဲပြောပြ"
"တခါတုန်းကပေါ့အေ..မနက်ခင်းတိုင်းနှင်းဆီတပွင့်နဲ့ မုန့်တခုက တရားခံမပေါ်ဘဲရောက်ရောက်လာတယ် ကာယကံရှင်က ပန်းနဲ့မတည့်တော့ သူများကိုပေးပစ်တယ် မုန့်နဲ့ကြတော့တည့်တယ်ဗျာ လူမသိသူမသိ ခိုးစားတယ်"
ကိုလင်းက ပြောပြီးရပ်နေ၍ ရိုစ့်နှင့်ပြုံးငယ်တို့ မရိုးမရွဖြစ်လာကြသည်။ ချောနု ဝိုင်းပြည့်ကိုကြည့်တော့ ရယ်ကျဲကျဲနှင့်..
"အရေးထဲ မုန့်ကနင်နေတော့ ကိုကျော်စွာမယ် ပြူးပြာပြီး ရင်ခုန််သံတွေ ပျောက်သွားတယ်..မိဝိုင်း အိုးနင်းခွက်နင်းနိုင်တာနဲ့ ကိုကျော်စွာ ကောင်းကောင်းမရိုခဲ့ရဘူး.. ရိုနည်းသင်ပေးဦးမှပါ"
"လင်း တည် ကြည် နင်သိသွားပြန်ပြီလား"
"နင် နေ့တိုင်းလစ်ထွက်ပြီး မုန့်ခိုးစားနေလို့ ငါလိုက်ချောင်းတာလေ"
တဖွဲ့လုံးရယ်လေ ဝိုင်းပြည့် ကိုလင်းကိုထုလေ ထမင်းစားခန်းထဲ ရယ်သံတွေညံသွား၍ ချက်ချင်း အသံကိုလျှော့လိုက်ရသည်။
ချောနု ဝိုင်းပြည့်ကို အားနာသွားရသည်။ သူတို့စုံတွဲက ကိုယ့်ကိစ္စကိုစဆုံးကူညီထားလျက် ကိုခိုင်မြဲပေးသည့်လက်ဆောင်တွေကြောင့် ဝိုင်းပြည့် အားငယ်မှာစိုးရသည်။ ဝိုင်းပြည့်မျက်နှာကြည့်တော့ ပကတိကြည်လင်လျက်..နေကာ မျက်မှန်ကို တပ်ကြည့်နေသေးသည်။
"ဝိုင်းပြည့် ငါ နင့် အားနာလိုက်တာ"
"ဘာကိုတုန်း"
"ဒီလက်ဆောင်တွေကြည့်ပြီး နင်ကိုကျော်စွာကို တမျိုးထင်မှာစိုးလို့"
"လူတွေကြားထဲ လူမသိသူမသိ ပိုးရမှတော့ လက်ဆောင်တွေအများကြီးပေးလို့ဖြစ်မလား..သူ ငါ့အတွက်နဲ့ မေမြို့က အားချင်းပြန်လာတဲ့နေ့ကတည်းက တဘဝလုံးအတွက် ယုံကြည်လို့ရတဲ့သူပဲလို့ ငါ့စိတ်က သူ့ကိုလက်ခံလိုက်ပြီ..ငါမကြိုက်တဲ့သူ့အကျင့်တွေသူ ပြင်တယ်လေ..ငါ့အသိုင်း အဝိုင်းထဲ ဝင်ဆန့်အောင်သူပေါင်းပေးတယ်..ရှေ့ရေးအတွက် သူဟာသူပြင်ဆင်နေတယ် ငါ တအားကြီးလည်း လောဘမကြီးပါဘူး..ဒီလောက်ဆိုတော်ပြီလေ သူငယ်ချင်းရယ်....
နင် ဘာတွေလျှောက်တွေးနေတာလဲ..ငါတောင်မတွေးမိဘူး..ဒီချောနုမ တကယ်ပဲ..လောလောဆယ် စိတ်ဝင်စားတာတော့ ဒီချောကလက်ပဲ"
"အေး စားမယ်လေဟာ မုန့်တွေကများတယ်.. ဒီမှာလည်းစားမယ်..နင်တို့ကို ခွဲပေးလိုက်မယ်..ဆရာ့အတွက်အရင်ဖယ်လိုက်ဦးမယ်"
ချောနု မုန့်များကို အိမ်အတွက်အနည်းငယ်ဖယ်လိုက်ပြီး ဆရာနှင့် သူငယ်ချင်းများအတွက် အချိုးကျခွဲလိုက်သည်။ အိမ်မှာ အဆင်မပြေသည့်ကိစ္စများ လောလောဆယ် မေ့ထားဦးမည်။
တန်ဖိုးကြီးသည့်လက်ဆောင်များထက် သူ့စေတနာကို ခံစားလိုက်ရ၍ စိတ်ထဲမှာ အလိုလိုနေရင်း ကြည်နူးလာသည်။ ဆရာ့ကို မုန့်သွားပေးတော့ ဆရာက ရယ်နေသည်။ ဘာမှတော့မပြောပါ။ မုန့်စားရင်း တဖွဲ့လုံး လက်ဆောင်တွေ ကိုင်ကြည့်လိုက် ဓါတ်ပုံများကြည့်လိုက်နှင့်သဘောကျနေကြသည်။ ချောနု စာဖွင့်ဖတ်ရန်ရင်ခုန်နေမိ၏။ ဒီရက်ပိုင်းထဲ သူ့ကို သတိရကာမှ တိုက်တိုက်ဆိုင်ဆိုင် အဆက်အသွယ်ရလာသည်။ ဟန်းဆက်က ဘာလို့ထည့်ပေးတာလဲမသိ။ ငါးသိန်းတန်ဖုန်းများ ပေါ်နေချိန်မို့ ဖုန်းပဲဝယ်စေချင်တာလား???
ရင်ငြိမ်းပန်း
အပိုင်း(၂၁)ဆက်ရန်။
10.7.2026 ( Fri ),1:30PM
!! ကိုခိုင်မြဲက စာထဲမှာ ဘာတွေရေးထားလဲမသိဘူးနော်.. ကျွန်မ စနေ..တနင်္ဂနွေနှစ်ရက် စင်္ကာပူသွားပြီး စပ်စုလိုက်ဦးမယ်နော့!!
စာဖတ်သူများရှင်..အဆင်ပြေသလောက်(ဈေးနှုန်းမသတ်မှတ်ထားပါ) စာဖတ်ခပေးသွင်းပြီးဖတ်ရှုနိုင်ပါတယ်ရှင်။ အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲရှိရင် အခမဲ့ဖတ်လို့ရပါတယ်။ စနေ၊ တနင်္ဂနွေပဲနားပြီး တပတ်ငါးရက် နေ့တိုင်းတင်ပေးသွားမှာပါရှင်။
Kay pay acc- 0997490 1123(M T O)